သတင်း

စစ်တပ်နှင့် BGF ပူးပေါင်းယာဉ်တန်းကို KNU ကြားဖြတ်တိုက်ခိုက်

ယမန်နေ့ (ဇွန် ၁၄) နံနက်ပိုင်းက စစ်တပ်နှင့် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းလိုက်ပါလာသော ယာဉ်တန်းကို မွန်ပြည်နယ် သထုံခရိုင်အတွင်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူက ပြောသည်။

သထုံမြို့နယ်မြောက်ပိုင်း ဝီယော်အမည်ရှိ စခန်းမှ ထွက်ခွာလာသော ထိုစစ်ယာဉ်တန်းကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း KNU သထုံခရိုင်ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ပြောသည်။

ထိုသို့ ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ရာ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။ 

“မနက် ၆ နာရီမှာ ဖြစ်တယ်။ နေ့လယ် ၁၂ နာရီမှ တိုက်ပွဲရပ်တယ်။ အဲဒီနားက ရွာတွေတော့ အကုန်လုံး ထွက်ပြေးကြပြီလို့ သိရတယ်” ဟု ပဒိုစောစိုးမြင့်က ပြောသည်။

အရှေ့ဘက်ရှိ ပိန္နဲတောစခန်းသို့ သွားရာလမ်းကြောင်းပေါ်တွင် ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီယာဉ်တန်းသည် ဝီယော်ဘက်သို့ ပြန်ဆုတ်သွားကြောင်းလည်း ၎င်းက ဆိုသည်။

စစ်တပ်ယာဉ်တန်းတွင် နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်နေကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် သထုံပြည်သူ့ပြောက်ကျားများအဖွဲ့က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ရာနှင့် ငါးမိုင်ခန့်အကွာရှိ ဝင်းပရွာဒေသခံတစ်ဦးကလည်း ယမန်နေ့၌ လက်နက်ကြီးပစ်ခတ်သံများ ကြားရကြောင်း၊ သို့သော် အသေးစိတ်မသိရှိကြောင်း Myanmar Now ကို ပြောသည်။

“မနေ့ကတော့ လက်နက်ကြီးတွေ ကြားရတယ်။ တစ်နေ့ခင်းလုံးပဲပေါ့နော်။ ဒီမနက်ကျတော့ ဝီယော်ဘက်ကို နာရေးကားတွေ တက်သွားတာတော့ သိလိုက်တယ်။ အရပ်သားလား စစ်သားလားတော့ မသိဘူးပေါ့နော်။ သွားတင်တာပဲဖြစ်မှာပါ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲကြောင့် ဝီယော်၊ ထုံးဘိုကြီး၊ ထုံးဘိုလေးနှင့် သုံးအိမ်စု အစရှိသည့် ကျေးရွာလေးရွာမှ ဒေသခံ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ၎င်းက ပြောသည်။ 

“အဲဒီနားက ရွာတွေက ဒေသခံတွေကတော့ သူတို့ရဲ့ ဆွေမျိုးနီးစပ်တွေ ရှိတဲ့ ရွာတွေမှာ သွားပြီး ခိုလှုံနေထိုင်ကြတယ်ဗျ။ တော်တော်လေးတော့ ပြောင်းရွှေ့ကြတယ်လို့ ကြားတယ်” ဟု ဝင်းပရွာဒေသခံက ဆိုသည်။ 

KNU တပ်မဟာ (၁) နယ်မြေဖြစ်သော သထုံခရိုင်တွင် စစ်ကောင်စီတပ်များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ကာ ပြီးခဲ့သည့်လများအတွင်း စစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုများပင် ရှိခဲ့သည်။

ယခုလဆန်း ၂ ရက်ကလည်း သထုံမြို့နယ်မြောက်ပိုင်းရှိ ပိန္နဲတော၊ လေးကေနှင့် ဝင်းတာပန်အမည်ရ စခန်းများကို ရိက္ခာလာပို့သော စစ်တပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရကြောင်း၊ စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရကာ နေအိမ်နှစ်လုံး ပျက်စီးကြောင်း KNU က ထုတ်ပြန်ခဲ့သည်။

KNU နှင့် ပူးပေါင်း၍ စစ်ကောင်စီကို ခုခံတော်လှန်တိုက်ခိုက်နေသော သထုံပြည်သူ့ပြောက်ကျားတပ်ဖွဲ့ဝင်များက ဇွန် ၁ ရက်တွင် ထုံးဘိုရွာအတွင်း ရောက်လာသော စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ၉ မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦးကို ဖမ်းဆီးပြီး KNU ထံ အပ်နှံခဲ့သည်။

ဖမ်းဆီးခံထားရသည့် အရာရှိနှစ်ဦးကို ပြန်လွှတ်မပေးသည့်အတွက် စစ်တပ်က နီးစပ်ရွာများကို လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေသဖြင့် ဒေသခံများ တိမ်းရှောင်နေရသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button