
ယမန်နေ့ (ဇွန် ၁၀) တွင် ဖြစ်ပွားသော မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ ရန္တပိုကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားသည်ဟု မြို့ခံကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
မြင်းခြံမြို့ မြောက်ဘက် ၁၂ မိုင်အကွာ ဧရာဝတီမြစ်ကမ်းနဖူးပေါ်ရှိ ထိုရွာတွင် တပ်စွဲထားသည့် စစ်သားများကို နှလုံးလှလူမိုက်ကြီးများအဖွဲ့အမည်ရ မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် ၅ တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်က သင်တန်းပေးပြီး လက်နက်တပ်ဆင်ထားသည့် ပြည်သူ့စစ် ခေါ် ပျူစောထီးများလည်း ထိုရွာတွင် စစ်သားများနှင့်အတူ ပူးပေါင်းတပ်စွဲထားသည်ဟု သိရသည်။
ယမန်နေ့ နေ့လယ် ၂ နာရီတွင် မှန်ပြောင်းတပ်ရိုင်ဖယ်ဖြင့် စတင်ပစ်ခတ်ရာ စစ်ကောင်စီတပ်က ၄၀ မမ လောင်ချာ၊ မောင်းပြန်ရိုင်ဖယ်တို့ဖြင့် အဆက်မပြတ် တုံ့ပြန်ကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုမှာ နာရီဝက်ကြာခဲ့ကြောင်း PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ဘက်က စနိုက်ပါနဲ့ စပစ်တာ။ ကျွန်တော်တို့ကို မမြင်ဘဲ လျှောက်ပစ်တာတွေလုပ်တယ်။ ကျွန်တော်တို့ဘက်ကတော့ အကာအကွယ်ကောင်းကောင်းယူပြီးတော့ ပစ်တာ” ဟု ၎င်းက ပြောသည်။
“သူတို့က ကျသွားတဲ့အလောင်းတွေတောင် ပြန်မကောက်ရဲဘူး။ ဆိပ်ကမ်းဘေးမှာ လဲကျသွားတဲ့ကောင်တွေတောင် မကောက်ဘူး။ ပစ်ထားခဲ့ပြီး ထွက်ပြေးသွားတာ။ ကျွန်တော်တို့က သူတို့ ပြန်လာကောက်ရင် ပစ်ဖို့ စောင့်နေတာ”
၎င်းတို့ဘက်မှ ထိခိုက်မှု မရှိကြောင်း၊ စစ်ကောင်စီတပ်သားများက ရုပ်အလောင်း ၄ ခုကို မကောက်ကြဘဲ ရွာအတွင်းသို့ ပြေးဝင်တိမ်းရှောင်သွားကြကြောင်း PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ခုခံစစ်ပွဲအတွက် ပြင်ဆင်ရန် ပိုမိုလုံခြုံသည့်နေရာကို ရွေးခဲ့ကြောင်း၊ ယခု ဖြစ်ပွားသော တိုက်ပွဲသည် မြင်းခြံမြို့ကို ပြန်လည်ဝင်ရောက်လှုပ်ရှားရန် စတင်သည့် ပဏမခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကျွန်တော်တို့ မလှုပ်ရှားတော့ သူတို့က နေရာတိုင်းမှာ နယ်ချဲ့နေတာ။ ကျွန်တော်တို့က သူတို့ရှိတဲ့နေရာတိုင်းကို လစ်ရင်လစ်သလို ဝင်တိုက်မှာ။ အခုစစ်ဆင်ရေးက ပြည်တော်ပြန်ခရီးပါ” ဟု ဆိုသည်။
နှလုံးလှလူမိုက်ကြီးများအဖွဲ့အမည်ခံ မြင်းခြံ PDF အဖွဲ့ဝင်များမှာ ပြီးခဲ့သည့်နှစ်အတွင်းက ၎င်းတို့ဒေသတွင် အခြေစိုက်လှုပ်ရှားနေရာမှ နယ်မြေချင်းထိစပ်နေသော မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံ PDF အဖွဲ့များနှင့် ပူးပေါင်းလှုပ်ရှားနေခြင်းဖြစ်သည်။
စစ်တပ်ဘက်မှ သေဆုံးမှုအရေအတွက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထိုနေရာအနီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲ ထပ်မံဖြစ်ပွားနိုင်ကြောင်း သိရသည်။
ရန္တပိုကျေးရွာတိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီတပ်ထံ မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း တိုက်ပွဲများအကြောင်း သတင်းအမှောင်ချထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)