
ရခိုင်ပြည်နယ်တောင်ပိုင်း၊ အမ်းမြို့တွင် ယနေ့ (ဇွန် ၉) နံနက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ဓားဖြင့် ၂၂ ချက် အထိုးခံရပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။
နံနက် ၉ နာရီဝန်းကျင်ခန့်က အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၄၀ ဝန်းကျင် ဦးချစ်ဇော်ဝင်း (ခေါ်) ပိုင်ပိုင်သည် ရဲစခန်းနှင့် မဝေးသော သူ၏ နေအိမ်အနီး သတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု မျက်မြင်များကို ကိုးကား၍ မြို့ခံတစ်ဦးက ပြောသည်။
“ဖြစ်တာက သူ့အိမ်နဲ့ စစ်မှုထမ်းဟောင်းရုံးကြားမှာ ဖြစ်တာ။ ထိုးတာက နှစ်ယောက်လို့ ယူဆရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဓားထိုးဒဏ်ရာက ရှေ့ကပါ၊ နောက်ကျောကပါ အားလုံး ၂၂ ချက်ပါတယ်လို့ သိရတယ်” ဟု ထိုမြို့ခံအမျိုးသားက ဆိုသည်။
သေဆုံးသူမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးခန့်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ကြောင်း သိရသည်။
“သူ့မှာ ရန်ငြိုးရန်စ ရှိမရှိကိုတော့ မသိဘူး။ တစ်ဖက်မှာ အာဏာမသိမ်းခင် သူက မှုခင်းသတင်းထောက်လည်း လုပ်ခဲ့တယ်။ ဆိုတော့ ဒေသတွင်းသစ်လုပ်ငန်းတွေမှာ ငွေတောင်းတာတွေလုပ်ပြီး မရရင် စစ်တပ်ကို သတင်းပေးလို့ အဖမ်းခံရတာတွေလည်း ရှိတယ်လို့ ကြားပါတယ်” ဟု အထက်ပါမြို့ခံက ပြောသည်။
သေဆုံးသူသည် ဒေသတွင်း စစ်ကောင်စီ၏ လူယုံတစ်ဦးဖြစ်ပြီး မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ခံရသည်ကို မသိကြကြောင်း ထိုမြို့ခံအမျိုးသားက ဆက်ပြောသည်။
“စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးဆိုတော့ ဒီအချိန်မှာ ဒေသခံတွေနဲ့ တချို့နေရာတွေမှာ ဩဇာအာဏာသုံးတာတွေနဲ့ အမှားအယွင်းရှိနေလို့လား၊ အခု ဓားနဲ့ ထိုးတာကလည်း မသေမချင်းထိုးခဲ့တာဆိုတော့ ပုဂ္ဂိုလ်ရေးမုန်းတီးမှုရှိလား စဉ်းစားစရာတစ်ခုဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
စစ်သားနှင့် ရဲများက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့တွင် လိုက်လံစစ်ဆေးနေကြောင်း မြို့ခံအမျိုးသားနောက်တစ်ဦးက ပြောသည်။
ရုပ်အလောင်းရောက်နေသည့် အမ်းပြည်သူ့ဆေးရုံတွင်လည်း ရဲအများအပြားကို မြင်တွေ့ရကြောင်း အမည်မဖော်လိုသည့် မြို့ခံအမျိုးသမီးတစ်ဦးက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။
“မနက် ၁၀ နာရီဝန်းကျင်လောက်က ဓားထိုးခံရတယ်လို့ သတင်းကြားပါတယ်။ အလောင်းက ဆေးရုံမှာလို့ သိရတယ်။ ဆေးရုံမှာလည်း ရဲဝန်ထမ်းတွေ အများကြီးတွေ့ရပါတယ်” ဟု ထိုမြို့ခံအမျိုးသမီးက ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်ကို အမ်းမြို့မရဲစခန်းသို့ Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားနေဆဲဖြစ်သလို မိသားစုဝင်များနှင့် အဆက်အသွယ် မရရှိသေးပေ။
ထိုမှုခင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တပ်က တစ်အိမ်တက် တစ်အိမ်ဆင်း စစ်ဆေးမှုများပြုလုပ်သွားမည်ဟု သတင်းများထွက်ပေါ်နေ၍ မြို့ခံများ စိတ်အနှောင့်အယှက်ဖြစ်နေကြောင်း သိရသည်။
စစ်တပ် ခန့်အပ်ထားသည့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများသည် အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို ဖမ်းဆီးရာတွင် အဓိကကျသူများ ဖြစ်သည်။
အဖမ်းခံရသူများ နှိပ်စက် သတ်ဖြတ်ခံလာရပြီးနောက်တွင် အုပ်ကြီးဟု ခေါ်ကြသော ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးအဖွဲ့များက ပစ်မှတ်ထား သတ်ဖြတ်လာကြသည်။
အုပ်ကြီးများကိုသာမက စစ်ကောင်စီတပ်ကို ကူညီနေသည်ဟု ယူဆရသည့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး ဆိုသူများကိုလည်း ပစ်မှတ်ထားလာကြသည်။
ရက္ခိုင့်တပ်တော် (AA) ခြေကုပ်ယူထားသော ရခိုင်ပြည်နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ လုပ်ကိုင်နေကြသော်လည်း ယခုနှစ် ဒီဇင်ဘာမှစ၍ စစ်တပ်နှင့် တိုက်ပွဲများပြန်ဖြစ်လာချိန်တွင် အသတ်ခံရခြင်း ဖြစ်သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)