အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖမ်းမိ ဗိုလ်ကြီးကို KNU ပြန်မလွှတ်၍ စစ်တပ်က ရွာများကို ပစ်ခတ်

မွန်ပြည်နယ်၊ သထုံခရိုင်တွင် ဖမ်းဆီးရမိခဲ့သည့် ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်တစ်ဦးတို့ကို ပြန်လွှတ်မပေးသဖြင့် အမှတ် (၉) ခြေမြန်တပ်ရင်းက လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေ၍ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးနေရသည်။ 

ပြီးခဲ့သည့် ဇွန် ၁ က ခမရ ၉ တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦးတို့ ထုံးဘိုရွာအတွင်း ရောက်ရှိလာစဉ် သထုံပြည်သူ့ပြောက်ကျားအဖွဲ့ဝင်များက ဖမ်းဆီး၍ ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ အပ်နှံခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဝင်းပရွာအခြေစိုက်သော ခမရ ၉ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၅ မိုင်ခန့်အကွာရှိ ဝီယော်ကျေးရွာ၌ ဇွန် ၁ က လာရောက်စခန်းချတပ်စွဲခဲ့ကာ ယင်းနေ့မှစ၍ လက်နက်ကြီးများဖြင့် အနီးအနားကျေးရွာများကို ပစ်ခတ်နေခြင်း ဖြစ်သည်။ 

ဒေသခံများ ထွက်ပြေးနေကြောင်း၊ လက်နက်ကြီးပစ်ခတ်သံများ ကြားရပြီး အခြေအနေအသေးစိတ် မသိရှိရသေးကြောင်း ဝင်းပရွာ ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“လက်နက်ကြီးပစ်သံတွေတော့ ကြားရတယ်။ အဲဒီရွာက လူတွေက ကျွန်တော်တို့ ရွာဘက်ကိုတော့ ပြေးလာတာ မရှိဘူး။ ဟိုး တခြားရွာတွေဘက်ကိုတော့ ပြေးကြတာ ရှိတယ်” ဟု ၎င်းက ဆိုသည်။

နေရပ်စွန့်ခွာရသူတို့မှာ ဝီယော်၊ ထုံးဘိုကြီး ၊ ထုံးဘိုလေးနှင့် သုံးအိမ်စု အစရှိသည့် ကျေးရွာ ၄ ရွာတို့မှ ဒေသခံများဖြစ်သည်ဟု သိရသည်။ 

စစ်ကောင်စီတပ်မှ ၂ ဦး လာရောက်သတင်းထောက်လှမ်းစဉ် ဖမ်းဆီးခဲ့ကြောင်း၊ ထိုနေ့မှာပင် စစ်တပ်က ထုံးဘိုရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

ဖမ်းဆီးထားသည့် အပတ်စဉ် ၅၆ မှ အသက် ၂၈ နှစ်အရွယ် ဗိုလ်ကြီးကျော်ဇင်ထက် (ကြည်း- ၆၈၀၁၄) နှင့် တပ်ကြပ်ကြီး နိုင်ဦးတို့ နှစ်ဦးကို ပြန်လွှတ်ပေးရန် စစ်တပ်ဘက်က တောင်းဆိုခဲ့သော်လည်း ပြန်မပေးဘဲ KNU ၏ သုံ့ပန်းမူဝါဒအတိုင်း ထိန်းသိမ်းထားသည်ဟု ဆိုသည်။

“ဖမ်းမိထားတဲ့လူတွေကို သုံ့ပန်းပေါ်လစီအရ လုပ်သွားမှာပါ။ လိုက်နာရမဲ့နည်းတွေလည်း ရှိပါတယ်” ဟု ၎င်းက ပြောသည်။

“စစ်တပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီးတော့ လုပ်နေတာပဲလေ။ ပြည်သူလူထုအနေနဲ့ ဒီလိုမျိုးဆို ဘယ်စိတ်ချမ်းသာမလဲ။ သတိရှိရှိနဲ့ သွားလာနေထိုင်ရတဲ့ အနေအထားဖြစ်နေတာပေါ့”

လက်နက်ကြီးနှင့် ပစ်ခတ်ခံရသည့် ဝီယော်ကျေးရွာအုပ်စုမှ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေရစဉ် (ဓာတ်ပုံ-KNU) 

အွန်လိုင်းဆိုရှယ်လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုင်ဖိုင်တွင် မျက်လုံးကို အဝတ်စည်းထားကာ ဗိုလ်ကြီးဆိုသူကို မေးမြန်းနေသည်ကို တွေ့ရသည်။

အရာရှိငယ် ၂ ဦး အဖမ်းခံရမှု၊ ရွာများကို ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

နီးစပ်ရာ ရွာများနှင့် တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ထို ရွာ ၄ ရွာမှ ဒေသခံများသည် မိုးရွာနေချိန်တွင် အခက်အခဲများနှင့် ပိုမိုရင်ဆိုင်နေရကြောင်း ကရင်လူ့အခွင့်ရေးအဖွဲ့ (KHRG) ထံမှ သိရသည်။

“ဒီလိုမျိုးကာလမှာ အစုလိုက်အပြုံလိုက် စစ်ဘေးရှောင်နေရတဲ့အခါမှာ အဓိကလိုအပ်တာကတော့ မိုးဒဏ်လေဒဏ် ကောင်းကောင်းကာကွယ်ပေးနိုင်တဲ့ အဆောက်အအုံရှိဖို့ အရေးကြီးတာပေါ့” ဟု ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် KHRG အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စောနန္ဒာဆူးက ဆိုသည်။

KNU တပ်မဟာ (၁) နယ်မြေ သထုံမြို့နယ်အတွင်း၌ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး လေကြောင်းမှ တိုက်ခိုက်မှုများပါ ရှိခဲ့သည်။ 

ပြီးခဲ့သည့် ဇွန် ၂ က ပိန္နဲတော၊ လေးကေနှင့် ဝင်းတာပန်ရှိ စစ်ကောင်စီစခန်းသို့ ရိက္ခာပို့လာသည့် စစ်တပ်နှင့် ဝီယော်ရွာအနီး တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် အသက် ၇၀ အရွယ်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လူနေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း KNU ဘက်က ယနေ့ (ဇွန် ၆) ၌ ထုတ်ပြန်ထားသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button