သတင်း

မန္တလေးတွင် ရဲနှင့် အုပ်ချုပ်ရေးမှူးတို့ တစ်ရက်တည်းအသတ်ခံရ

လုံခြုံရေးတင်းကျပ်ထားသည့် မန္တလေးမြို့တွင် ရဲတပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးမှူးတို့ တစ်ရက်တည်းတွင် အသတ်ခံလိုက်ရကြောင်း မန္တလေးမြို့ခံများက ပြောသည်။

ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးသည် ယနေ့ (ဇွန်လ ၄ ရက်) ညနေပိုင်းကလည်းကောင်း၊ ရဲတပ်သားရာဇာသိန်းသည် မန္တလေးမြို့ပေါ်နှင့် ကပ်လျက်ရှိသည့် ပုသိမ်ကြီးမြို့နယ်ရှိ ရေနီမြောင်းဘောင်ပေါ်တွင်လည်းကောင်း သေနတ်ဖြင့် ပစ်ခတ်ထားသည့် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဟု မြို့ခံများက ပြောသည်။

သေဆုံးသူအုပ်ချုပ်ရေးမှူးသည် ယမန်နှစ်၂၀၂၁ မေလ (၆) ရက်နေ့တွင်လည်း ဓါးဖြင့် ထိုးခံခဲ့ရပြီး အုပ်ချုပ်ရေးမှူး ဆက်လုပ်နေရာမှ ထပ်မံ တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ဆိုသည်။

“ဘယ်လိုဒဏ်ရာတွေလဲတော့ မသိရဘူးဗျ။ သွားလည်းမကြည့်ရဲတော့။ သူက လမ်းလျှောက်နေတာကို ပစ်သွားတာ” ဟု ပြောသည်။

၎င်းကို လာရောက်ပစ်ခတ်စဉ် အနီးရှိ ဇနီးဖြစ်သူမှာလည်း ခြေထောက်တွင် သေနတ်မှန်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုရေးအသင်းကားဖြင့် ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။

မန္တလေးမြို့နှင့် ပုသိမ်ကြီးမြို့နယ်အစပ် ရေနီမြောင်းတွင် ပစ်ခတ်ခံရသည့် ရဲတပ်သား ရာဇာသိန်းမှာမူ လျှပ်စစ်ရုံးမှ နေအိမ်သို့ ပြန်လာစဉ် ပစ်သတ်ခံရခြင်းဟု အခြားမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

အထက်ပါအုပ်ချုပ်ရေးမှူးနှင့် ရဲတစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်း မသိရှိရသေးဘဲ ပုသိမ်ကြီးမြို့နယ်ရဲစခန်းနှင့် ချမ်းမြသာစည်ရဲစခန်းတို့ထံ Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ယမန်နှစ် မေလအတွင်းကလည်း အဆိုပါပုသိမ်ကြီးမြို့နယ်ရဲစခန်းမှ တာဝန်ကျအပြီး နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး မန္တလေးပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော MDY PDF ဗိုလ်နက္ခတ်အဖွဲ့၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လမ်းပေါ်တွင်ပင် သေဆုံးခဲ့ဖူးသည်။

ယခုနှစ်မတ်လ (၂၈) နေ့ကလည်း သံဆူးကြိုးအကာအရံများ၊ လုံခြုံရေးရဲများထူထပ်စွာ စောင့်ကျပ်နေသည့် ပုသိမ်ကြီးမြို့နယ် အဆိုပါရဲစခန်းကို တော်လှန်ရေးအင်အားစု(PRF)က ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အချိန်ထိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ မကြာခဏ လုပ်ကြံသတ်ဖြတ်ခံနေရဆဲဖြစ်ကာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင်လည်း မေ ၃၀ ရက်က ငှက်အော် စမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မင်း၊ ဇနီး ဒေါ်မြမြမိုးတို့ ပစ်ခတ်ခံခဲ့ရသေးသည်။ အဆိုပါ ပစ်ခတ်မှုတွင် ဒေါ်မြမြမိုးဆိုသူ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ယင်းဖြစ်စဉ်ပေါ်ပေါက်ပြီးနောက် ကော့မှူးမြို့နယ်အတွင်းရှိ ရွာပေါင်း ၆၀ ကျော်ကို ဆိုင်ကယ်စီးခွင့် စစ်ကောင်စီက ပိတ်ပင်ခဲ့ပြီး ဒေသခံ ၃၀ ကျော်မှာလည်း ဖမ်းဆီးစစ်ဆေးခံနေရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button