သတင်း

သံတောင်မြို့အတွင်း စစ်တပ်ဝင်လာအပြီး KNU သတိပေးစာထုတ်

ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်း အုပ်ချုပ်ရေးကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) က ယမန်နေ့ (ဇွန် ၂) တွင် သတိပေးချက်ထုတ်ပြန်သည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် တပ်မဟာ (၂) တပ်မှူးများ ခြောက်လပတ်အစည်းအဝေးအပြီး ထိုသတိပေးစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထုတ်ပြန်စာတွင် KNU ​၏ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ဌာနဆိုင်ရာလုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတထိန်းသိမ်းကာကွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်း၊ တရားစီရင်ရေး၊ သစ်တောနှင့် လယ်ယာကိစ္စရပ်များ၊ အခွန်ကောက်ခံခြင်းလုပ်ငန်းများကို စစ်ကောင်စီက ဝင်ရောက် စွက်ဖက်နှောင့်ယှက်ခြင်း မပြုရန် ပါရှိသည်။

တောင်ငူခရိုင် သံတောင်မြို့အတွင်း ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တပ်ဖွဲ့ဝင်များ အများအပြားဝင်ရောက်လာသည်ဟု KNU ဘက်က ဆိုသည်။ 

ထိုစစ်ကြောင်းက KNU ၏ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ မလုပ်ဆောင်နိုင်ရန် ပုံစံမျိုးစုံဖြင့် အဟန့်အတားလုပ်နေသောကြောင့် သတိပေးစာထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု KNU တပ်မဟာ(၂) ၏ တပ်မမှူးဖြစ်သူ ဗိုလ်ချုပ်စောဒဲဖိုးက Myanmar Now ကို ပြောသည်။

“သူတို့က ဒီနေ့ ဒီအချိန်မှာ တပ်လာစွဲပြီးတော့ နယ်မြေစိုးမိုးရေးကို လုပ်တယ်။ ပြီးတော့ ကျွန်တော်တို့ လုပ်နေကျဖြစ်တဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်ကိုလည်း တစ်ဖက်တစ်လမ်းကနေ သူတို့က နည်းမျိုးစုံနဲ့ အဟန့်အတားလုပ်တယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီသည် KNU ၏ ပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အခွန်ကောက်ခံခြင်းများကို ဝင်ရောက်စွက်ဖက်နေခြင်းသာဖြစ်ကြောင်း၊ သံတောင်-ဘောဂလိဒေသရှိ ရွာသူရွာသားများ စားနပ်ရိက္ခာဝယ်ယူခြင်း၊ ခရီးသွားလာခြင်းများကို စစ်တပ်က တားဆီးစစ်ဆေးခြင်းများ အမြဲလိုလို ပြုလုပ်လေ့ရှိကြောင်း KNU တပ်မဟာ (၂) ဘက်က ဆိုသည်။

အမှတ်(၂၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်ကိုကိုလွင်ကိုလည်း KNU ၏ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန်၊ မလိုက်နာဘဲ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက နောင်ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို တာဝန်ယူမည်မဟုတ်ကြောင်း KNU ဘက်က ဆိုသည်။

“ကျွန်တော်တို့ ပြောဆိုနေတယ်။ တောင်းဆိုနေတယ်။ ထောက်ပြနေတယ်။ ဒါပေမဲ့ သူတို့က တစ်ခါမှ လက်မခံဘူး။ သူတို့တုံ့ပြန်ချက်အပေါ် ကြည့်ပြီးတော့ ပြန်ပြီးတုံ့ပြန်နိုင်တဲ့ နည်းလမ်းကို ကျွန်တော်တို့ စဉ်းစားထားပြီးသား ရှိတာပေါ့” ဟု KNU တပ်မဟာ-၂ တပ်မမှူး ဗိုလ်ချုပ်စောဒဲဖိုးက ဆိုသည်။ 

KNU ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်အများအပြား အခြေစိုက်ရာ သံတောင်ကြီးမြို့နယ်အတွင်း တိုက်ပွဲကြီးများ ဖြစ်ပွားခြင်း မရှိသေးပေ။ 

ထိုဒေသသည် ကယားပြည်နယ် ဖရူဆို၊ ဖားဆောင်းမြို့နယ်၊ ကရင်ပြည်နယ် ဖာပွန်မြို့နယ်၊ ပဲခူးတိုင်း‌ ကျောက်ကြီးမြို့နယ်၊ တောင်ငူမြို့နယ်၊‌ ရေတာရှည်မြို့နယ်တို့အပြင် စစ်ဗိုလ်ချုပ်များအခြေစိုက်ရာ နေပြည်တော်ကောင်စီ ပျဉ်းမနားမြို့နယ်နှင့် ထိစပ်နေသည့် ဒေသဖြစ်သည်။

တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ (၅) ဖာပွန်ခရိုင်တို့တွင်လည်း စစ်ကောင်စီစခန်းများထွက်ခွာရန် KNU က သတိပေးထားပြီး စစ်ကောင်စီကလည်း KNU နယ်မြေများတွင် တပ်မဟာ (၇) ဖားအံခရိုင်မှအပ ကျန်တပ်မဟာ ၆ ခုလုံးတွင် တိုက်ပွဲများ ဖြစ်နေသည်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button