သတင်း

ဖားကန့်တွင် အုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် အခြားသူသုံးဦး အသတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် အခြားအမျိုးသားသုံးဦး သတ်ဖြတ်ခံရပြီး လက်သည်မပေါ်သေးကြောင်း လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးနှင့် ဒေသခံတစ်ဦးထံမှ သိရသည်။

ဇွန် ၁ ရက်နေ့တွင် မက်လင်ချောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဆွေမျိုးတော်စပ်သူအမျိုးသားသုံးဦး သေနတ်ဒဏ်ရာများနှင့် သေဆုံးနေသည်ကို ဆွတ်အောင်ကျေးရွာအနီးတွင် ဒေသခံများ တွေ့ရှိခဲ့သည်။

မက်လင်ချောင်းအုပ်ချုပ်ရေးမှူး ၄၄ နှစ်အရွယ် ဦးအုန်းကျော်၊ ၎င်းနှင့် ဆွေမျိုးတော်စပ်သူများဖြစ်သော ၄၂ နှစ်အရွယ် ဦးဇော်ဝင်းထိုက် (ခ) ရွှေမန်း၊ ၃၃ နှစ်အရွယ် ဦးဝင်းတင့် (ခ) ကျော်ကြား၊ ၂၂ နှစ်အရွယ် ကိုမျိုးထက်တို့၏ ရုပ်အလောင်းများဖြစ်သည်ဟု သိရသည်။

ထိုသို့တွေ့ပြီး တစ်ရက်အကြာ ယမန်နေ့ နံနက်ပိုင်းတွင် နတ်မှော်ရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ၅၅ နှစ်အရွယ် ဦးအာဗြဲ၏ အလောင်းကို ဆိုင်းတောင်ရွာနှင့် ကပ်လျက်ရှိ ရွာဟောင်းအနီးတွင် တွေရှိခဲ့သည်။

ရိုက်နှက်ခံထားရသည့် ဒဏ်ရာများရှိသည့် အလောင်းကို ဖားကန့်မြို့နယ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု လူမှုကူညီရေးအသင်းမှ တာဝန်ခံဖြစ်သူက ပြောသည်။

“အလောင်းကတော့ ကျွန်တော်တို့ ရင်ခွဲရုံကို မနေ့ကတည်းက ပို့လိုက်ပြီ။ အခု မိသားစုက ပြန်ယူသွားပြီ အလောင်းကို” ဟု ထိုတာဝန်ခံက ယနေ့ (ဇွန် ၃) တွင် Myanmar Now ကို ပြောသည်။

စစ်ကောင်စီဘက်တော်သား အရပ်ဝတ်လက်နက်ကိုင်များအဖွဲ့ဖြစ်သော ပျူစောထီးနှင့် ပတ်သက်သဖြင့် အုပ်ချုပ်ရေးမှူးများ အသတ်ခံရခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံအချို့က ယူဆနေကြသည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းကလည်း ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာမှ ပျူစောထီးအဖွဲ့ဝင်ဟု နာမည်ထွက်သူ ဦးတင်မော်သည် ရွာတွင် ရှိနေစဉ် သေနတ်ဖြင့် ဝင်ရောက်ပစ်သတ်ခြင်းခံရသည်။

အဆိုပါ သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ခြင်းမရှိသေးသလို စစ်ကောင်စီတာဝန်ရှိသူများကလည်း သတင်းထုတ်ပြန်ခြင်း မရှိပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကျောက်စိမ်းမြေ ဖားကန့်ဒေသတွင် ဆန္ဒပြပွဲများ၊ တိုက်ပွဲများနှင့် အပြန်အလှန်လုပ်ကြံသတ်ဖြတ်မှုများ မကြာခဏဖြစ်ပွားခဲ့ပြီး ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအများစု တိမ်းရှောင်နေကြရသည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒီဘက်အဖွဲ့အစည်း (စစ်ကောင်စီ) ကြိုက်တဲ့သူကျတော့လည်း အကြောက်အရွံ့မရှိ လုပ်တာပဲ။ (NUG) ကို ကြိုက်တဲ့သူကျတော့ သူ့ဌာနေ ကိုယ့်ဌာနေ ပြန်နေကြတာပေါ့” ဟု အသက် ၄၀ ကျော်အရွယ် ဖားကန့်ဒေသခံ အမျိုးသားက ပြောသည်။ 

ယနေ့ ဖားကန့်မြို့ပေါ်တွင် ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြသော်လည်း ဆိပ်မူကျေးရွာအုပ်စုတွင် စစ်ကောင်စီစစ်ကြောင်း ရှိနေသည်ဟု လူမှုကူညီရေးအသင်းတာဝန်ခံက ပြောသည်။

“ကျွန်တော်တို့ ဆိပ်မူအုပ်စုက အခြေအနေမကောင်းဘူး၊ စစ်ကြောင်းကလည်း ရှိနေတယ်။ စစ်ကြောင်းရှိရင် တိုက်ပွဲဖြစ်မှာပဲ၊ ဒေသခံတွေကတော့ သတိနဲ့ နေရတာပေါ့” ဟု ၎င်းက ပြောသည်။ 

မေ ၂၇ တွင် ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာအနီး စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးသည်ဟု သိရသည်။

ထိုနေ့တစ်နေ့တည်းတွင် ဖားကန့်မြို့နယ် အောင်စုကျေးရွာအနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အနီးဝန်းကျင်သို့ ပစ်ခတ်ခဲ့သည့်အတွက် ၁၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်မှုများ ပေါ်ပေါက်လာခဲ့ပြီး ကချင်ပြည်နယ်နှင့် အခြားတိုင်းရင်းသားဒေသများတွင်လည်း တိုက်ပွဲများဖြစ်နေသည်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button