ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းနှင့် ၃၅လမ်း (အထက်ဘလောက်) ထောင့်ရှိ ကားမှတ်တိုင်တွင် ယနေ့ (မေ ၃၁) မွန်းလွဲ ၃ နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသား ၉ ဦး ထိခိုက်ဒဏ်ရာရ၍ ၁ ဦး သေသည်ဟု ဆေးရုံပို့ပေးခဲ့သည့် လင်းလက်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
အများစုမှာ ခေါင်း၊ ခြေထောက်တို့တွင် ဒဏ်ရာရသွားကြောင်း၊ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ခေါ်ဆောင်သွားကြောင်း၊ အနီးအနားရှိ ယာဉ်တစ်စီး ထိခိုက်မှုရှိကြောင်း မျက်မြင်တွေ့ရှိသူ ၃ ဦးကလည်း ပြောသည်။
“(ဒဏ်ရာတွေကို ပုဆိုးတွေနဲ့ စည်းထားကြတယ်။ ဖုန်းဆိုင်ထဲ လဲနေတဲ့တစ်ယောက်ကတော့ ခေါင်းထိတယ်။ ဂျင်းဘောင်းဘီနဲ့ (ပုံပါ) တစ်ယောက်ကတော့ ခြေထောက်ထိတယ်” ဟု မျက်မြင်တစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ တပ်၊ ရဲ၊ မီးသတ် အင်အား ၂၀၀ ခန့်က အနော်ရထာလမ်းကို ပေါက်ကွဲသည့် နေရာမှ မဟာဗန္ဓုလလမ်း (ဘားလမ်း) နှင့် ပန်းဆိုးတန်းလမ်းအထိ ပိတ်ဆို့ စစ်ဆေးနေသည်ဟု နောက်ထပ်မျက်မြင်တစ်ဦးက ပြောသည်။
စစ်ကောင်စီအဖွဲ့ စစ်ဆေးနေစဉ် ဗုံး ၂ လုံးထပ်တွေ့၍ ဖောက်ခွဲလိုက်သည်ဟု ၃၅ လမ်းတွင် နေထိုင်သူတစ်ဦးကလည်း အတည်ပြုသည်။
“၄ လုံးရှိတာတဲ့ သူတို့ (စစ်ကောင်စီ) ဘယ်လိုသိလဲတော့ မသိဘူး။ ၁ လုံးကတော့ လူထိသွားတာပေါ့။ နောက်ထပ် ၂လုံး (စစ်ကောင်စီက) ခွဲပြီးသွားပြီ။ နောက်ထပ် ၁ လုံး လိုက်ရှာနေကြတယ်” ဟု ၃၅ လမ်းတွင် နေထိုင်သူက ပြောသည်။
ပေါက်ကွဲမှုအပြီး တစ်နာရီကျော်အကြာ ညနေ ၅ နာရီမထိုးမီတွင် ပေါက်ကွဲသံနှစ်ကြိမ် ထပ်ကြားရသည်ဟု အထက်ပါ အခြားသတင်းရင်းမြစ်နှစ်ဦးကလည်း အတည်ပြုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က အနော်ရထာလမ်းမတစ်လျှောက် ဆိုင်များအားလုံးကို ပိတ်ခိုင်းကာ မည်သူ့ကိုမျှ ထွက်ခွာခွင့်မပေးဟု ၃၅ လမ်းတွင် နေထိုင်သူက ပြောသည်။
“လူလည်း မထွက်ရဘူး ကားလည်း မထွက်ရဘူး။ သူတို့က ပြောတာက ဒီနားမှာ ဗုံး ၄ လုံးရှိတယ်တဲ့။ အခု လူတွေရော ဈေးဆိုင်တွေပါ အကုန်ရှင်းလိုက်တယ်။ ထိပ်က ဈေးဆိုင်တွေလည်း ပိတ်လိုက်ပြီး ပေးမထွက်တော့ဘူး”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတန်းအတွင်းဝန် ဦးနိုင်ထူးအောင်က ယခုဗုံးပေါက်ကွဲမှုကို အပြင်းထန်ဆုံးရှုတ်ချကြောင်း၊ NUG အောက်ရှိ အဖွဲ့များ လုပ်ဆောင်ခြင်း လုံးဝမဟုတ်ကြောင်း Myanmar Now ကို မှတ်ချက်ပေးသည်။
“အပြစ်မရှိတဲ့ အရပ်သားတွေအပေါ်မှာ တိုက်ခိုက်တဲ့ တိုက်ခိုက်မှုမျိုးကို လုံးဝလက်မခံပါဘူးဆိုတာကို ကျွန်တော်တို့အနေနဲ့ ပြတ်ပြတ်သားသား ပြောထားပြီးပြီဖြစ်ပါတယ်ခင်ဗျ” ဟု ဦးနိုင်ထူးအောင်က ပြောသည်။
“ဒီကိစ္စတွေက ပြည်သူနဲ့ PDF တွေ NUG အစိုးရကြားမှာ အထင်မြင်လွဲမှားမှုတွေဖြစ်အောင် ရည်ရွယ်ချက်နဲ့ ပြုလုပ်တဲ့ကိစ္စမျိုးဖြစ်နိုင်တယ်လို့ ထင်မြင်ပါတယ်”
NUG လက်အောက်ခံ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့တာဝန်ခံကလည်း ထိုပေါက်ကွဲမှုအတွက် တာဝန်ရှိသူများကို ထိထိရောက်ရောက် တုံ့ပြန်သွားမည်ဟု ပြောသည်။
“ဒီဗုံးပေါက်ကွဲမှုက တော်လှန်ရေးကို ပုံဖျက်လိုတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အကွက်ဆင်လုပ်ကြံမှုပဲ”ဟု အထက်ပါ တာဝန်ခံက မှတ်ချက်ပြုသည်။
ပေါက်ကွဲမှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ မသိရသေးသလို ညနေ ၆ နာရီအထိ စစ်ကောင်စီက သတင်းထုတ်ဖော်ပြန်ခြင်း မရှိသေးပါ။
ရန်ကုန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်သားများကို ပစ်မှတ်ထားသည့် ဖောက်ခွဲမှု တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)