
မကွေးတိုင်းအစွန်ဆုံး ကျောက်ထုမြို့နယ်တွင် ယမန်နေ့ (မေ ၂၂) နံနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း၏ ရှေ့ပြေးကားငါးစီးကို ဒေသခံ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိသည်ဟု သိရသည်။
ချင်းပြည်နယ်တောင်ပိုင်းနှင့် ထိစပ်နေသော ထိုမြို့နယ်တွင် ပခုက္ကူသို့ သွားရန် ပြင်ဆင်နေသည့် အစီးရေ ၇၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်း၏ ရှေ့ပြေးကားများကို ထိုသို့တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကျောက်ထု PDF တာဝန်ခံထံမှ သိရသည်။
စစ်ကားငါးစီးကို ကျောက်ထု-ပုံညာ လမ်းပိုင်းတစ်နေရာတွင် မိုင်းခြောက်လုံးအသုံးပြု တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာပြင်းထန်သည်ဟု ဆိုသည်။
“ထောင်တာတော့ ကား (စစ်ယာဉ်တန်း) အတွက် ထောင်ထားတာ။ ဒါပေမဲ့ သူတို့က (စစ်ကောင်စီ) ဂျန်ပါ (မိုင်းမကွဲရန် ကာကွယ်သည့် ကိရိယာ) တွေပါတော့ ခွဲလို့အဆင်မပြေလို့ ရှေ့ပြေးတွေကို ခွဲလိုက်တာ” ဟု ကျောက်ထု PDF တာဝန်ခံက ပြောသည်။
မိုင်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ထိုတပ်ဖွဲ့က စစ်ကြောင်းသုံးကြောင်းခွဲကာ အနီးဝန်းကျင်တွင် စစ်ရေးလှုပ်ရှားသဖြင့် ဆောနှင့် ကျောက်ထုမြို့နယ်အခြေစိုက် PDF အဖွဲ့များ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်သည်ဟုလည်း ၎င်းက ဆိုသည်။
မိုင်းခွဲခံရသည့် နေရာမှ မီတာ ၁၀၀ ခန့် အကွာအဝေးတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်နာရီဝန်းကျင်ကြာ အပြန်အလှန်ပစ်ခတ်ပြီးနောက် PDF ပူးပေါင်းအဖွဲ့က ဆုတ်ခွာခဲ့သည်ဟု သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အကျအဆုံးများနိုင်ကြောင်း၊ စစ်တပ်က ပစ်သည့် လက်နက်ကြီးကြောင့် ၎င်းတို့ဘက်မှ ရဲဘော်နှစ်ဦး အသေးစားဒဏ်ရာရခဲ့ကြောင်း ကျောက်ထု PDF တာဝန်ခံက ဆက်ပြောသည်။
“သူတို့ဘက်ကတော့ အထိနာပုံရတယ်၊ ကျွန်တော်တို့ဆုတ်ခဲ့တာတောင် သူတို့က ည ၈ နာရီ၊ ၉ နာရီလောက်အထိ လက်နက်ကြီးတွေနဲ့ ပတ်ထုနေတာ”
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ ထို့အပြင် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ယနေ့ (မေ ၂၃) နံနက်အထိ ထိုဒေသတွင် တိုက်ပွဲဖြစ်ပွားမှုမရှိ၊ စစ်ယာဉ်တန်း ထွက်ခွာခြင်း မရှိသော်လည်း စစ်ကြောင်းလှုပ်ရှားနေသဖြင့် စစ်ရေးတင်းမာနေကြောင်း၊ စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်တတ်၍ တိမ်းရှောင်ကြရန် ဒေသခံတို့ကို နှိုးဆော်ထားကြောင်း ကျောက်ထု PDF က ဆိုသည်။
အစီးရေ ၇၀ ကျော်ပါယာဉ်တန်း မင်းတပ်မြို့၌ ရှိနေစဉ် မေ ၁၅ ရက်ကလည်း ကျောက်ထုဘက်သို့ ကြိုတင်လမ်းကြောင်းရှင်းသည့် စစ်ကားများကို တိုက်ခိုက်ခဲ့ဖူးရာ စစ်ကောင်စီဘက်မှ ၅၀ ခန့် သေသည်ဟု ကျောက်ထု PDF ဘက်က ပြောထားသည်။
ထိုစဉ်က မင်းတပ်-ကျောက်ထုလမ်းပိုင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ဒေသခံတို့၏ လုံခြုံရေးကို ငဲ့၍ အစီး ၇၀ ကျော်ပါယာဉ်တန်း ကျောက်ထုဘက်သို့ ဆင်းလာချိန်တွင် မတိုက်ခိုက်ဘဲ နေခဲ့ရကြောင်း အထက်ပါ PDF တာဝန်ခံက ပြောသည်။
စတင်ထွက်ခွာစဉ် အစီး ၈၀ ထိ ပါဝင်သော်လည်း အသွားအပြန်ခရီးတစ်လျှောက် မကွေးတိုင်းနှင့် ချင်းပြည်နယ်ရှိ ဒေသကာကွယ်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုများ ကြုံခဲ့ရကာ ထိခိုက်ပျက်ဆီးမှုများရှိခဲ့သည်။
အရပ်သားအစိုးရကို ဖြုတ်ချ၊ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်တွင်း နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ကြရာတွင် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းနှင့် မကွေးတိုင်းရှိ ဒေသများတွင်လည်း စစ်ကောင်စီကို ခုခံနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)