ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ တပ်စွဲထားသည့် သေ့ဘောဘိုးစခန်းကုန်းကို ယနေ့ (မေ ၁၈) တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက Myanmar Now ကို အတည်ပြုသည်။
တပ်မဟာ ၆ နယ်မြေ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက် ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးကျေးရွာအနီးရှိ စစ်ကောင်စီစခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“မြေပြင်ကနေ သတင်းပို့လာတာတော့ ခုနလေးတင်ပဲ။ စခန်းကို သိမ်းလို့ရပြီလို့ ပြောတယ်။ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပြီးတော့ လေယာဉ်ပျံနဲ့ အကြီးအကျယ်လာပြီးတော့ ပစ်တယ်။ အကြိမ်ပေါင်းမြောက်မြားစွာ ပစ်တယ်ပေါ့နော်။ ဒါပေမဲ့ စခန်းကျသွားပြီလို့တော့ အတည်ပြုလို့ရတယ်” ဟု ပဒိုစောတောနီးက ပြောသည်။
သေ့ဘောဘိုးစခန်းကုန်းကို သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း သတင်းရရှိသော်လည်း မြေပြင်အဖွဲ့များထံမှ ထိခိုက်သေဆုံးမှုအခြေအနေ အပါအဝင် အသေးစိတ်သတင်းအချက်အလက်ကို မေးမြန်း၍ မရသေးကြောင်း သိရသည်။
ယမန်နေ့ မေ ၁၇ ညပိုင်းမှစ၍ သေ့ဘောဘိုးစခန်းကုန်းအနီးတစ်ဝိုက်တွင် KNLA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားနေခြင်းဖြစ်သည်။
လက်နက်ကြီးပစ်ကူသည့်ပြင် ယနေ့တွင်လည်း စခန်းကုန်းအနီးတစ်ဝိုက်ကို လေကြောင်းမှပါ လာရောက် ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။
“လက်နက်ကြီး၊ လက်နက်ငယ်နဲ့ရော လေယာဉ်ပျံနဲ့ပါ လာကြဲနေတာ။ သူတို့ (စစ်ကောင်စီ) ဘက်က အထိနာနေလို့ ဖြစ်မယ်” ဟု ထိုအမျိုးသားက ဆိုသည်။
KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်သည့် မြဝတီ-ဝေါလေလမ်းပိုင်းတစ်လျှောက်ရှိ မြဝတီ၊ လေးကေကော်၊ ဝေါလေ၊ ဥုကလိထာ့၊ သေ့ဘောဘိုး၊ ဘလယ်ဒို ဒေသတို့တွင် တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားနေသည်။
KNU က မြဝတီမြို့နယ်၊ လေးကေ့ကော်ရှိ စစ်ကောင်စီတပ်များ ၃ ရက်အတွင်း ထွက်ခွာရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို မတ် ၇ တွင် စာပို့ခဲ့ပြီးနောက် ထိုဒေသအတွင်း တိုက်ပွဲများ နေ့စဉ်ဆိုသလို ဖြစ်ပွားနေသည်။
မြဝတီမြို့နယ်၊ မော်ခီးရွာ၌ စစ်တပ်က မဆုတ်တမ်းစခန်းအဖြစ် သတ်မှတ်ထားသည့် စခန်းကို မတ် ၂၁ တွင် KNLA က ဝင်ရောက်တိုက်ခိုက်ရာ လက်နက်အများအပြား သိမ်းဆည်းနိုင်ခဲ့သည်။
တပ်မဟာ ၆ နယ်မြေ၌ ဖြစ်ပွားခဲ့သည့် ၁၅ ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၈၀ ကျော် သေဆုံးကြောင်း ပြီးခဲ့သည့် ဧပြီ ၁၈ တွင် KNU က သတင်းထုတ်ပြန်ထားသည်။
ထိုရက်များအတွင်း ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲအများဆုံးဖြစ်ပွားပြီး စစ်တပ်နှင့် နယ်ခြားစောင့်တပ် (BGF) တို့၏ ထိုးစစ်ဆင်မှုကို ခုခံနိုင်ခဲ့သည်ဟု KNU က ဆိုသည်။
စစ်ကောင်စီက တိုက်ပွဲသတင်းများ ထုတ်ပြန်လေ့မရှိပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)