
မြန်မာနိုင်ငံ၏ အကြီးဆုံး ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းတွင် အော်ပရေတာဖြစ်သူ ပြင်သစ်ရေနံကုမ္ပဏီကြီး Total ထွက်ခွာပြီးနောက် အမေရိကန်အခြေစိုက် Chevron (Unocal) ကုမ္ပဏီက ရှယ်ယာအများဆုံးပိုင်ဆိုင်သူဖြစ်လာသည်။
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအခြေအနေများကြောင့် ရတနာကမ်းလွန်စီမံကိန်းမှ ထွက်ခွာမည်ဖြစ်ကြောင်း ပြင်သစ်နှင့် အမေရိကန်ရေနံကုမ္ပဏီတို့က ယခုနှစ် ဇန်နဝါရီလတွင် တစ်ပြိုင်နက်ကြေညာခဲ့သော်လည်း အော်ပရေတာဖြစ်သူ Total က Cheveron ကို ရှယ်ယာများ အလွတ်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့များ ထုတ်လုပ်ရောင်းချနေသော ရတနာစီမံကိန်းတွင် Chevron ကုမ္ပဏီက ၄၁ ဒသမ ၁ ရာခိုင်နှုန်း၊ နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ၂၁ ဒသမ ၈ ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း ၃၇ ရာခိုင်နှုန်းဖြင့် အော်ပရေတာသစ်ဖြစ်လာသူ ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီက မတ်လတွင် ထုတ်ပြန်သည်။
စီမံကိန်းသဘောတူညီချက်အရ Total ရှယ်ယာများကို ကျန်ကုမ္ပဏီများထံ အချိုးကျခွဲဝေပေးခြင်းဖြစ်သည်ဟုလည်း PTT က ဆိုသည်။
မူလက ရတနာစီမံကိန်းတွင် Total က ၃၁ ဒသမ ၂၄ ရာခိုင်နှုန်း၊ Chevron က ၂၈ ဒသမ ၂၆ ရာခိုင်နှုန်း၊ PTT က ၂၅ ဒသမ ၅ ရာခိုင်နှုန်းနှင့် MOGE က ၁၅ ရာခိုင်နှုန်းပိုင်ဆိုင်သည်။
သက်တမ်း ၂၅ နှစ်ကျော် ရှိလာပြီဖြစ်သော ရတနာကမ်းလွန်စီမံကိန်းသည် လက်ရှိတွင် နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၇၀၀ ကျော် ထုတ်လုပ်နေသည်ဟု သိရသည်။
“Chevron က ထွက်မယ်လို့ ကြေညာပြီးသားကိစ္စ မထွက်ဘဲနဲ့ မနေပါဘူး။ သူက ထွက်ရမှာပဲ။ ဒါပေမဲ့ ကုမ္ပဏီတွေရဲ့ Procedure (လုပ်ထုံးလုပ်နည်း) အရ Total လောက် မမြန်တာလည်း ဖြစ်နိုင်တယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက Myanmar Now ကို ပြောသည်။
ဖက်စပ်ရင်းနှီးမြှုပ်ထားသည့်စီမံကိန်းတွင် တစ်ဦးထွက်ပါက ကျန်ရှိသည့် ကုမ္ပဏီများအနေဖြင့် ပိုင်ဆိုင်မှုပိုများလာသည့်သဘောသာဖြစ်ပြီး ငွေကြေးထပ်ဆောင်းထည့်ဝင်ခြင်း မဟုတ်နိုင်ကြောင်း ၎င်းက ဆိုသည်။
Chevron က စီမံကိန်းမှ ထွက်ခွာမည်ဟု ကြေညာထားပြီး တရားဝင်ထွက်ခွာရန် မဆောင်ရွက်သေးသဖြင့် ထိုရှယ်ယာအချိုးကို ပိုင်ဆိုင်နေခြင်းဖြစ်ပြီး ထွက်ခွာပါက ရှယ်ယာများ ပြန်လွှဲပြောင်းပေးရမည်ဟုလည်း ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် ထွက်ခွာမည့် စွမ်းအင်ကုမ္ပဏီများအနေဖြင့် လူ့အခွင့်အရေးကို လေးစားပြီး တာဝန်ယူမှုရှိရှိ ထွက်ခွာပါက စစ်ကောင်စီကို အမြတ်ငွေများခွဲမပေးရန်၊ MOGE ကို စီမံကိန်းလည်ပတ်မှုဆိုင်ရာ အချက်အလက်နှင့် ရှယ်ယာများမလွှဲပြောင်းရန် တက်ကြွလှုပ်ရှားသည့်အဖွဲ့အစည်းများက တောင်းဆိုနေသည်။
“Equity Share လုပ်မယ်ဆိုပြီး Chevron, PTT နဲ့ MOGE ကို ပေးတဲ့အချိန်မှာ Chevron က ရှယ်ယာအများဆုံးပိုင်တဲ့သူဖြစ်လာတာ။ အခုလည်း သူက သူ့ရှယ်ယာတွေ ရောင်းဖို့ လုပ်နေတယ်လို့ သိထားတယ်။ သူထွက်တဲ့အခါ ရောင်းပြီးထွက်မယ်လို့ သိထားတယ်” ဟု စစ်ကောင်စီထံ ရောက်ရှိနေသည့် ဓာတ်ငွေ့ဝင်ငွေများ ဖြတ်တောက်ရန် လှုပ်ရှားသည့် သွေစွန်းငွေ (Blood Money) အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ထို့သို့ရောင်းချရာတွင် စစ်ကောင်စီနှင့် ဆက်နွှယ်သည့် ကုမ္ပဏီမဖြစ်ရန် ရောင်းချသည့်ကုမ္ပဏီအနေဖြင့် ဓာတ်ငွေ့ဝင်ငွေများကို စစ်ကောင်စီကို မပေးဘဲ စစ်ကောင်စီထုတ်ယူမသုံးစွဲနိုင်သည့် Escrow အကောင့်တွင် သိမ်းထားရန် အရေးကြီးကြောင်း ၎င်းက ဆိုသည်။
ယခုလ ၂၅ တွင် Chevron ကုမ္ပဏီ၏ ရှယ်ယာရှင်အစည်းအဝေးရှိပြီး စစ်ကောင်စီကို ငွေမပေးရန်နှင့် စီးပွားရေးလုပ်ကိုင်မှု ရပ်တန့်ရန် ရှယ်ယာရှင်များက မဲခွဲဆုံးဖြတ်ရန် လက်မှတ်နှစ်သိန်းကောက်ခံကာ ထိုအဖွဲ့က တောင်းဆိုလျက်ရှိသည်။
စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ ရပေါက်ရလမ်းကြီးဖြစ်သည့် နိုင်ငံပိုင် MOGE ကို ဥရောပသမဂ္ဂက မတ်လဆန်းပိုင်းတွင် အရေးယူပိတ်ဆို့ခဲ့သည်။ MOGE သည် နိုင်ငံတွင်းရှိ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းအားလုံးတွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)