သတင်း

ကော့မှူးမြို့နယ် ငှက်အော်စမ်းရွာမှ ဒေသခံများကို ခံဝန်နှင့်ပြန်လွှတ်

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းရွာအနီး ကင်းလှည့်လာသည့် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံထားရသည့် ရာနှင့်ချီသည့် ဒေသခံရွာသားများကို ၂ ပတ်အကြာ ယမန်နေ့ (မေ ၁၅) က ခံဝန်ခြေချုပ်နှင့် ပြန်လွှတ်ပေးလိုက်သည်ဟု ဒေသခံများ၊ ထိုဖြစ်ရပ်အကြောင်း သိရှိသူများက ပြောသည်။

“ပြန်လွှတ်တာကတော့ အချိန်မရွေးပြန်ဖမ်းမယ်၊ ဒီလူအတိုင်း၊ မရှောင်ကြနဲ့ဆိုပြီး ပြန်လွှတ်တာ” ဟု ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

“သူတို့ ရိုက်နှက်မေးနေတာ ဘာမှမသိတဲ့ရွာသားတွေလေ။ ဆက်မေးလည်း ဘာသတင်းမှ ရမှာမှမဟုတ်တာ”

လက်နက်ကိုင်ခုခံသူတို့နှင့် ပတ်သက်ပြီး သတင်းပေးရန်၊ မည်သည့်ခရီးမှမသွားရန် စသည့်အချက်များကို သဘောတူကြောင်း ရွာသားများက လက်မှတ်ထိုးခဲ့ရသည်ဟုလည်း သူက ဆိုသည်။

ပြီးခဲ့သည့် မေ ၃ ညနေ ၃ နာရီခန့်တွင် ငှက်အော်စမ်းကျေးရွာအနီး မကျည်းကန်-ကျိုက်ထော်လမ်းမပေါ်သို့ ကင်းလှည့်လာသည့် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် ထိုရွာအပါအဝင် သံကြို၊ ညောင်ထောက်၊ ရေတာရှည် စသည့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံ ၄၀၀ ကျော်ကို စစ်တပ်ကဖမ်းဆီးကာ ငှက်အော်စမ်းရွာ အထက်တန်းကျောင်းတွင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများကို နှိပ်စက်ရာတွင် နေပူလှန်းထားခြင်းကဲ့သို့သော နည်းလမ်းလည်း ပါဝင်သည်ဟု ဒေသခံများနှင့် နီးစပ်သူ အခြားတစ်ဦးက ပြောသည်။

“၁၃ ရက်ကြာဖမ်းဆီးမှုမှာ ၃၀ ကျော်လောက်တော့ အရိုက်ခံ၊ စစ်ဆေးခံခဲ့ကြရတယ်။ ကျန်တဲ့လူတွေကတော့ နေပူထဲမှာထိုင်ခိုင်းပြီး တစ်ဦးချင်းခေါ်မေးတယ်။ လူပေါင်းရာနဲ့ချီဖမ်းထားပြီး တစ်ဦးချင်းခေါ်မေးတော့ ကျန်တဲ့သူတွေ ကိုနေပူထဲမှာ အပူခံခိုင်းတဲ့သဘောပေါ့” ဟု  သူက ပြောသည်။

အိမ်တိုင်းစေ့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အမျိုးသမီးများက ထမင်းပေးပို့ခဲ့ကြရသည်ဟုလည်း သူက ဆိုသည်။ 

“ဖမ်းထားတဲ့ရက်အတွင်းမှာ အိမ်ကထမင်းပို့ကြရတယ်။ တချို့အိမ်လုံးကျွတ် အဖမ်းခံရတဲ့သူတွေဆိုရင် နီးစပ်ရာ လူက ပိုထည့်လာပြီးကျွေးမှစားကြရတယ်” ဟုလည်း သူက ပြောသည်။

“အိမ်တစ်အိမ်မှာဆို မျက်မမြင်၊ နားမကြားတဲ့ အဘွားကြီးတစ်ယောက်တည်း ထားခဲ့ပြီး အကုန်ဖမ်းသွားတယ်။ အဘွားကြီး ပထမက ထမင်းပါ ငတ်တယ်” 

ဖမ်းဆီးခံနေရစဉ်အတွင်း ထိုရွာသားများက၂ မိုင်ခွဲခန့်ရှည်သည့် ဘုရားနီ၊ ငှက်အော်စမ်း ရွာချင်းဆက်လမ်း။ ကျိုက်ထော် ငှက်အော်စမ်းကားလမ်းဘေးဝဲယာရှိ ချုံနွယ်တို့ကို ရှင်းလင်း လုပ်အားပေးခဲ့ရသည်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ခိုင်းစေခဲ့သည် ဟုလည်း ဒေသခံများနှင့် နီးစပ်သူတို့က ပြောသည်။

ထိုမေလ ၃ ရက် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်မှတချို့ သေဆုံးရာ ထိုအထဲတွင် ဗိုလ်ကြီး ၁ ဦး ပါဝင်သည်ဟုလည်း ဆိုကြသည်။ ထိုတိုက်ခိုက်မှု လက်သည်ရှာဖွေရာတွင် အနီးမှ ဒေသခံများ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး လက်သည်ကိုမူ စစ်ကောင်စီတပ်သားတို့ ရှာမရဟုလည်း ဆိုသည်။

ကော့မှူးမြို့နှင့် ၇ မိုင်ခန့်အကွာ ငှက်အော်စမ်းကျေးရွာသည် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏၂၀၁၈ စာရင်းများအရ အိမ်ခြေပေါင်း ၃၃၀ ကျော်ရှိပြီး အမျိုးသားဦးရေ ၆၅၀ ကျော် အမျိုးသမီး ၇၀၀ နီးပါးရှိသည့် ရွာဖြစ်သည်။ 

ကော့မှူးမြို့နယ်သည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတို့တွင် ဆက်တိုက်အနိုင်ရခဲ့သည့် မဲဆန္ဒနယ်မြေဖြစ်သည်။

ဒေသအသီးသီးရှိ လက်နက်ကိုင်ခုခံမှုကို ရင်ဆိုင်ရသည့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသွားလာရာတွင်လည်း ဒေသခံများကို ဖမ်းဆီးစစ်ဆေးခြင်း၊ ရိုက်နှက်ခြင်း၊ သတ်ဖြတ်လျက်ရှိပြီး ဒေသအများအပြားတွင် ရွာမီးရှို့မှု ဆက်တိုက် ကျူးလွန်နေသည်ဟု ဒေသခံတို့က ပြောသည်။ 

စစ်ကောင်စီကမူ ၎င်းတို့ မီးရှို့မှု ကျူးလွန်ခြင်းမရှိဟု တုံ့ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button