ဆောင်းပါး

စစ်ကောင်စီယန္တရား၏ ထောင်တွင်း အထူးတရားရုံးများ

ရန်ကုန် အင်းစိန်ထောင်၏ ပေ ၅၀ ပတ်လည်ခန့်ရှိသော အားကစားရုံထဲသို့ ဝင်လိုက်လျှင် လိုက်ကာစများနှင့် ခြားထားသည့် ၈ ပေပတ်လည်ခန့် အခန်းငယ်လေးများကို တွေ့နိုင်သည်။ ထိုအခန်းငယ်လေးများသည် ရန်ကုန်တိုင်းအတွင်း မြို့နယ်များ၏ တရားခွင်များဖြစ်သည်။  

အခန်းတိုင်းတွင် စားပွဲ ၁ လုံး၊ ထိုင်ခုံ ၃ ခုံ၊ ၄ ခုံ ရှိတတ်သည်။ အင်္ကျီအနက်ရောင်ဝတ်ဆင်ကာ စားအပွဲလယ်တည့်တည့်ထိုင်ခုံတွင် ထိုင်နေသူက အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်မှုအောက်တွင် တရားစီရင်ရန် တာဝန်ကျသည့် တရားသူကြီးဖြစ်သည်။ သူ့နောက်ဘက်တွင် နိုင်ငံတော်အမှတ်တံဆိပ်သင်္ကေတတစ်ခု ရှိသည်။

ချွေးတလုံးလုံးဖြစ်နေသော၊ လက်ထိတ်ခတ်ခံထားရသော အရွယ်စုံ အမျိုးသမီး၊ အမျိုးသားများမှာ သမံတလင်းကြမ်းခင်းပေါ်တွင် ထိုင်နေရသည်။ 

တရားသူကြီးတွေနဲ့ ရှေ့နေတွေကို ထောင်ဝင်းထဲ လာခိုင်းပြီး ဇရပ်လိုလိုနေရာမှာ အဝတ်စကာပြီး တရားရုံးလုပ်ထားတာပဲ

အင်းစိန်ထောင်တွင် ၃ လကြာ နေခဲ့ရစဉ် တရားရုံးဟုဆိုသော ထိုနေရာကို ရောက်ခဲ့ဖူးသည့် သတင်းသမား ကိုနေသန်မောင်က စစ်ဗိုလ်ချုပ်များ ကြီးစိုးသည့်ကာလဖြစ်သောကြောင့် တရားစီရင်ရေးစနစ် ပျက်စီးသွားပြီဟု မှတ်ချက်ချသည်။

“မြို့နယ်တရားရုံးတွေမှာ ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေးစနစ်က ပျက်သွားတော့ တရားသူကြီးတွေနဲ့ ရှေ့နေတွေကို ထောင်ဝင်းထဲ လာခိုင်းပြီး ဇရပ်လိုလိုနေရာမှာ အဝတ်စကာပြီး တရားရုံးလုပ်ထားတာပဲ” ဟု ကမာရွတ်မီဒီယာ တည်ထောင်သူ ကိုနေသန်မောင်က Myanmar Now ကို ပြောသည်။

ပြင်ပနှင့် အဆက်အသွယ် ဖြတ်ထားသော၊ ဖြစ်ကတတ်ဆန်းပြင်ဆင်ထားသော ထောင်တွင်း “အထူးတရားရုံးများ”က စစ်ကောင်စီတပ်သားတို့ ဖမ်းဆီးထားသူတို့ကို လပေါင်းများစွာကြာအောင် အမှုစစ်ဆေးပြီး ထောင်ဒဏ်များ ချမှတ်နေကြသည်။ 

တရားသူကြီးများရှေ့တွင်ပင် နှိပ်စက်ညှဉ်းပန်းခြင်း

အပူချိန်အမြင့်ဆုံး ဧပြီလ၏ နွေနေ့လယ်တွင် နံပါတ်တုတ်ကိုင်ရဲများက လူအုပ်စုကြီးတစ်ခုကို အော်ဟစ်ကြိမ်းမောင်းပြီး အင်းစိန်ထောင်တွင်းတရားရုံးသို့ ခေါ်ဆောင်လာသည်။ 

ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်မှ ညမထွက်ရအမိန့် ဖောက်ဖျက်မှုနှင့် စွဲချက်တင်ခံရသူ ၅၀ ခန့်က လက်နှစ်ဖက်ကို ဦးခေါင်းနောက်တည့်တည့်တွင် ထားကာ ခေါင်းငုံ့နေကြရပြီး ထိုအထဲမှ တချို့မှာ ရိုက်နှက်ခံရသေးသည်ဟု ထိုအချိန်က ထောင်တွင်းတရားရုံးတွင် ရှိနေသော အမျိုးသားတစ်ဦးက ပြောသည်။

လူအုပ်ထဲတွင်…. လမ်းကောင်းကောင်းမလျှောက်နိုင်သည့် အသက် ၇၀ နီးပါးအရွယ် အမျိုးသား ပါဝင်သလို  ဦးခေါင်း၊ ခြေ၊ လက်တို့တွင် ဒဏ်ရာအများအပြားရရှိထားသူများလည်း ပါဝင်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အဆိုပါ  နိုင်ငံရေးအကျဉ်းသားဟောင်းက ပြောသည်။  

အထိန်းသိမ်းခံများသည် အချုပ်ကားအသီးသီးပေါ်မှ လက်ထိတ်တန်းလန်းနှင့် ဆင်းလာကာ ထိုတရားရုံးသို့ နေ့စဉ် ရာနှင့်ချီ ရောက်လာတတ်သည်။ 

ပြွတ်သိပ်တင်ထားသော အချုပ်ကားပေါ်တွင် ရှိသူများမှာ အသက်ရှူရပ်မတတ် မွန်းကျပ်နေတတ်သည်။ တရားရုံးအနီး ရောက်လာလျှင်လည်း အနံ့ဆိုးရွားသော၊ လေဝင်လေထွက်မရှိသော ကားပေါ်တွင် နာရီနှင့်ချီ စောင့်ဆိုင်းကြရတတ်သည်။ 

အချုပ်ကားပေါ်မှ အကျဉ်းသားများက ၎င်းတို့၏ ရှေ့နေအသီးသီးကို လှမ်းခေါ်ခြင်း၊ စကားပြောခြင်းတို့ကြောင့် ထိုနေရာတွင် ပွက်လောရိုက်နေတတ်သည်။  

ဆူညံမှု

၂၀၂၁  စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စုကို ဆန့်ကျင်သော ပြည်သူများစွာ ညှဉ်းပန်းနှိပ်စက် ဖမ်းဆီးထိန်းသိမ်းခံနေရပြီး မြို့နယ်အများအပြားတွင် ထိုအကျဉ်းသားတို့၏အမှုများကို ထောင်တွင်းတရားရုံးတွင်သာ စစ်ဆေးနေသည်။

နိုင်ငံအနှံ့ ထောင်အသီးသီးရှိ ဓမ္မာရုံ၊ စာသင်ဆောင်၊ အားကစားရုံကဲ့သို့ အဆောက်အအုံများသည် ထိုအကျဉ်းသားတို့ကို စစ်ဆေးစီရင်သည့် တရားရုံးများဖြစ်လာသည်။ 

အထူးတရားရုံးဆိုသော်လည်း ရန်ကုန်တိုင်း မြို့နယ်အသီးသီးရှိ ထည်ဝါမှုမရှိသော တရားရုံးများထက် အခြေအနေ ပိုမိုဆိုးရွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ရှေ့နေတစ်ဦးက ပြောသည်။

စွပ်စွဲခံရသူတွေလည်း အများကြီး၊ ရှေ့နေတွေလည်း အများကြီး၊ တရားရုံးတွေကလည်း အများကြီးဆိုတော့ ဆူညံပွက်လောရိုက်ပြီးတော့ ခြေချင်းကို လိမ်နေတာပဲ

“နိုင်ငံတော်တံဆိပ်ကို ဗီနိုင်းထုတ်ပြီးတော့ ဗီနိုင်းကို သစ်သားဘောင်လေးပါပြီး အဲဒီနေရာမှာ ကပ်ထားတဲ့တစ်ခုကလွဲလို့ ရုံးပုံစံအနေနဲ့ကတော့ ဘာမှ အထူးတလည်လုပ်ပေးထားတာ၊ စီစဉ်ပေးတာ ဘာမှမရှိပါဘူး” ဟု အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် အမှုပေါင်းရာနှင့်ချီကာ လက်ခံလိုက်ပေးနေရသည့် အဆိုပါအမျိုးသားက Myanmar Now ကို ပြောသည်။ 

စုပြုံထားသော အထူးတရားရုံးများဝန်းကျင် ဆူညံနေသောကြောင့် တရားစီရင်နေခြင်းကိုလည်း ကောင်းစွာမကြားရသဖြင့် တရားရုံးအင်္ဂါရပ်များနှင့်လည်း ညီညွတ်ခြင်းမရှိဟု ရှေ့နေက ဆက်ပြောသည်။ 

“စွပ်စွဲခံရသူတွေလည်း အများကြီး၊ ရှေ့နေတွေလည်း အများကြီး၊ တရားရုံးတွေကလည်း အများကြီးဆိုတော့ ဆူညံပွက်လောရိုက်ပြီးတော့ ခြေချင်းကို လိမ်နေတာပဲ”

အင်းစိန်ထောင်တွင်းအထူးတရားရုံးတစ်ခုတွင် ပုဒ်မ ၅၀၅ (က) နှင့် အမှုရင်ဆိုင်ခဲ့ရသည့် အမျိုးသမီးကလည်း တရားခွင်တွင်ရှိနေသူမှန်သမျှ အာရုံစူးစိုက်ရန် မဖြစ်နိုင်ဟု ပြောသည်။ 

“တော်တော်ကို မကြားရဘူး၊ မိုးရွာရင် ပိုဆိုးတယ်။ ဘာတွေမေးနေ၊ ဘာတွေပြောနေမှန်း မသိဘူးပေါ့။ ပြီးတော့ ရှေ့နေနဲ့ကလည်း ကိုယ်ပြောချင်သလို လွတ်လွတ်လပ်လပ် ပြောခွင့်မရှိဘူး”

“ထိုင်ခုံတွေဘာတွေလည်း မရှိဘူး။ ကြမ်းပြင်ပေါ် သမံတလင်းပေါ်မှာပဲ လက်ထိတ်တွေခတ်ပြီးထားတယ်။ ပြီးတော့ စစ်မေးတာတွေမှာလည်း တရားသူကြီးကို ကိုယ်ပြောချင်တာ ပြောခွင့်မရှိဘူး”  

ရှေ့နေ၏ အရေးပါမှု

အာဏာရှင်အဆက်ဆက် နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းထားသူတို့ကို တရားစီရင်ရာတွင် သက်ဆိုင်သူများ၊ လေ့လာလိုသူများကို တရားခွင်သို့ ဝင်ခွင့်မပြုပေ။

လက်ရှိ အာဏာသိမ်းစစ်ကောင်စီကလည်း အလားတူတရားစီရင်နေသည်မှာ တစ်နှစ်ကျော်လာပြီဖြစ်သည်။ 

စီရင်ချက်ချသည့်နေ့တွင် တရားသူကြီးက စာအိတ်တစ်အိတ်ကို ဖွင့်ပြီး ထောင်ဒဏ် မည်မျှချမှတ်ကြောင်း စီရင်ချက် ဖတ်ပြသည်။  

ပြန်လည်ခုခံ ချေပမှုများသည် လွတ်မြောက်ရန် အကျုံးမဝင်ပေ။ စစ်ကောင်စီက အမှုရုပ်သိမ်းပေးမှသာလျှင် ထိုအမှုမှ လွတ်မြောက်နိုင်သည်။ 

ထောင်တွင်းမှာပင် စစ်ခုံရုံးများရှိနေရာ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်များတွင် ဖမ်းဆီးရသူတို့ကို စီရင်နေသည်။ သေဒဏ်ချမှတ်မှုများမှာ စစ်ခုံရုံးမှ အမှုများလည်း ပါဝင်သည်။

အခြားမြို့များမှ ထောင်တွင်းအထူးတရားရုံး တရားခွင်များသည် အင်းစိန်ထောင်တွင်းတရားစီရင်မှုနှင့် အလားတူပင်ဖြစ်နေသည်။

မြစ်ကြီးနားအကျဉ်းထောင်တွင် ပုဒ်မ ၅၀၅ (က) နှင့် ၆ လကြာ အမှုရင်ဆိုင်ခဲ့ရသည့် အမျိုးသားတစ်ဦးက တရားရုံးချိန်း မကြာခဏပျက်တတ်သည်ဟု ပြောသည်။

“သုံးလေးလနေရင်တောင်မှ ဘာတစ်ခုမှမစစ်ဘူး။ အဲလိုမျိုးဆိုရင်တော့ ရက်တွေက ပိုကြာသွားတာလေ၊ ကြာတော့ ရုံးချိန်းတောင် မသွားချင်တော့ဘူး” ဟု ထိုသူက ဆိုသည်။ 

ပွဲစားလိုမျိုးပဲ ဖြစ်နေတာပေါ့။ ကျွန်တော်တို့က အိမ်ကမှာလိုက်တာကို စွပ်စွဲခံရသူကို ပြောမယ်၊ စွပ်စွဲခံရသူ မှာလိုက်တာကို အိမ်ကိုပြောပြတဲ့ အဆင့်မှာပဲရှိတယ်။ ရှေ့နေတစ်ယောက်က (အမှုသည် လွတ်မြောက်ရေးအတွက်) ဘာမှအသုံးမဝင်ဘူး ဖြစ်နေတယ် ခုချိန်မှာ

အိုးဘိုထောင်တွင်းတရားခွင်တွင် တွေ့ကြုံနေရသည့် အခက်အခဲတစ်ခုမှာ ရေးသားမှတ်တမ်းယူခွင့် ပိတ်ပင်ခံနေရခြင်းပင် ဖြစ်သည်ဟု နိုင်ငံရေးမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် မန္တလေးမြို့၊ ရှေ့နေတစ်ဦးက ပြောသည်။ 

“ထောင်ထဲမှာ ရှေ့နေတောင်မှ စာရေးလို့မရဘူးဆိုတော့ ကျွန်တော်တို့က အမှုဖြစ်စဉ်လေးတွေကို ရေးမှတ်ယူဖို့၊ သူတို့ ညွှန်ကြားချက်တောင်မှ ယူဖို့ တော်တော်ခက်တာပေါ့လေ။ နှုတ်နဲ့ပြောတာကို နားထောင်သလိုဖြစ်နေတယ်” ဟု အမည်မဖော်လိုသော ထိုအမျိုးသားက ဆက်ပြောသည်။ 

ထောင်သောင်းချီ ဖမ်းဆီးထိန်းသိမ်းခံနေရသော်လည်း မည်သည့်နေရာတွင် ချုပ်နှောင်ထားကြောင်း စစ်ကောင်စီက မိသားစုကို အသိမပေးချေ။

၂၀၂၁ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရန်ကုန်တွင် နေထိုင်သူတချို့ ဖမ်းဆီးခံရမှုမြင်ကွင်းတစ်ခု

ဖမ်းဆီးခံရသူ အသက်ရှင်လျက်ရှိမရှိ၊ မည်သည့်နေရာတွင် ရောက်နေသည်၊ ကျန်းမာရေးအခြေအနေ စသည်တို့ကို သိနိုင်ရန် မိသားစုများက ရှေ့နေတို့ကို အားကိုးကြရသည်။ ဤသို့ဖြင့် အမှုသည်တို့၏ လွတ်မြောက်ရေးအတွက် ခုခံချေပသည့် အလုပ်ကို အဓိကလုပ်ကိုင်ရသည့် ရှေ့နေများမှာ စစ်ကောင်စီ အာဏာသိမ်းထားသည့် ယနေ့ကာလတွင် အကျဉ်းသားနှင့် မိသားစုကြား ကြားခံဆက်သွယ်ပေးသူ ဖြစ်လာသည်ဟု မန္တလေးမှ အထက်ပါရှေ့နေက ပြောသည်။   

“ပွဲစားလိုမျိုးပဲ ဖြစ်နေတာပေါ့။ ကျွန်တော်တို့က အိမ်က မှာလိုက်တာကို စွပ်စွဲခံရသူကို ပြောမယ်၊ စွပ်စွဲခံရသူ မှာလိုက်တာကို အိမ်ကိုပြောပြတဲ့ အဆင့်မှာပဲရှိတယ်။ ရှေ့နေတစ်ယောက်က (အမှုသည် လွတ်မြောက်ရေးအတွက်) ဘာမှအသုံးမဝင်ဘူး ဖြစ်နေတယ် ခုချိန်မှာ” ဟု သူက ရှင်းပြသည်။

၁၉၈၈ နောက်ပိုင်း စစ်ဗိုလ်ချုပ်များ၏ အကျဉ်းသား ၃ ကြိမ်ဖြစ်ခဲ့ဖူးသူ ဒေါ်ချိုချိုက ယခုအာဏာသိမ်းမှုတွင် နိုင်ကျဉ်းများ ပိုမိုနှိပ်ကွပ်ခံနေရသည်ဟု ဆိုသည်။

“၂၀၀၉ ခုနှစ်တုန်းကလည်း အထူးတရားရုံးပဲ ထွက်ခဲ့ရတာလေ။ အင်းစိန်ထောင်တွင်းတရားရုံးပဲဆိုတော့ အခုအခြေအနေက မင်းအောင်လှိုင်လက်ထက်မှာ ပိုဆိုးသွားတာပေါ့။ အကျဉ်းသားအခွင့်အရေးပါ ပိုချိုးဖောက်ခံရတာပေါ့” ဟု ဆိုသည်။ 

​​သောက်​ရေပုံးများ၊ အမှိုက်ထုပ်များ သယ်ရသည်၊ အမျိုးသားထောင်အရာရှိများ၊ အမျိုးသားအချုပ်သား၊ အကျဉ်းသားများ အခန်း​ရှေ့မှ ဖြတ်သွားပါက အမျိုးသမီးများ ထိုင်ပြီး ​ခေါင်းငုံ့ထားရပြီး မော့ကြည့်ခွင့်မရကြပေ။ ၎င်းတို့ ဖြတ်သွားမည်ဆိုပါက အမျိုးသမီးဆောင်အတွင်းမှ လှန်းထားသော ထဘီများကို ချက်ချင်းရုပ်သိမ်းပေးရသည်။

တရားသူကြီး အာဏာမပြနိုင်သည့် တရားခွင် 

တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးတို့သည် ဆိုးရွားလွန်းသည့် အခြေအနေတွင် ဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီကမူ ထိုသို့ မမြင်ပေ။

၂၀၂၁ အာဏာသိမ်းသည့်လက ထုတ်ပြန်သော သတင်းတစ်ပုဒ်ကို စစ်ကောင်စီက “အဖျက်အမှောင့်လုပ်ငန်းများကို မင်းမဲ့စရိုက်ဆန်စွာဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လာသဖြင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ” ဟု ခေါင်းစဉ်တပ်ထားသည်။

“ဥပဒေချိုးဖောက်ထားသူများကို ဥပဒေအရ အရေးယူနေသည်” ဟူသော ထုတ်ပြန်ချက်မျိုးကို မကြာခဏ တွေ့ရမည် ဖြစ်သည်။

ဥပဒေအတိုင်းမဟုတ်ဘဲနဲ့ အမှုတွဲပေါ်ပေါက်ချက်အတိုင်းမဟုတ်ဘဲနဲ့ ဖြူဖြူမည်းမည်း ၅၀၅ ဆို ၃ နှစ်သွား၊ ၁၇ /၁ ဆို ၃ နှစ်သွား။ ဒါမျိုးတွေနဲ့ လုပ်နေတာလို့ပဲ မြင်တယ်

ဖမ်းဆီးခံရသူအများစုသည် ဆူပူအုံကြွအောင် သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၅၀၅၊ အကြမ်းဖက်ဥပဒေတို့နှင့်  ရင်ဆိုင်နေရသည်။ လက်နက်ကိုင်ဆောင်မှု၊ ညမထွက်ရအမိန့် ချိုးဖောက်မှု၊ မတရားအသင်းဆက်သွယ်မှုတို့နှင့် စွဲချက်တင်ခံရသူလည်း အများအပြားရှိနေသည်။ 

စစ်ကောင်စီတပ်က ဖမ်းဆီးပြီး နိုင်ငံအနှံ့ ထောင်များ၊ စစ်တပ်နှင့်  ရဲစခန်းများတွင် ချုပ်နှောင်ထားသူ ထောင်သောင်းချီ ရှိနေပြီး ထိုအထဲမှ  ၁၀၅၁၇ ဦး၏ အမည်နှင့် အချက်အလက်တချို့ကို မှတ်တမ်းတင်ထားသည်ဟု ထိုင်းမြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က  မေ ၃ တွင် သတင်းထုတ်ပြန်ထားသည်။ ၁၀၃၉ ဦးကို ထောင်ဒဏ်စီရင်ပြီးဖြစ်သည်ဟု ဆိုသည်။

ပြင်ပတရားရုံး တရားခွင်များတွင် နှစ်ဖက်အမှုသည်နှင့် ဆက်စပ်နေသူများ၊ လေ့လာသူများ၊ သတင်းထောက်များ ရှိတတ်သည်။  

ထောင်တွင်းအထူးတရားရုံးများတွင် ထိုသူတို့ ဝင်ရောက်ခွင့်မရှိသော်လည်း ထောက်လှမ်းရေးအဖွဲ့စုံနှင့် အကျဉ်းဦးစီးဌာနတို့မှ ဝန်ထမ်းများပါ ယူနီဖောင်းဝတ်၍တစ်မျိုး အရပ်ဝတ်နှင့်တစ်ဖုံ ဝင်ရောက်နားထောင်နေကြသည်။ 

ထိုကဲ့သို့အခြေအနေများကို တရားခွင်တွင် ဩဇာအရှိဆုံးဖြစ်သည့် တရားသူကြီးများကပင် တားဆီးခြင်းမရှိဘဲ မျက်ကွယ်ပြုထားသည်။

ထောက်လှမ်းရေးတို့က အကျဉ်းသားများ ရှေ့နေနှင့် စကားပြောချိန်တွင်လည်း အနားသို့ ချဉ်းကပ်ကာ စုံစမ်းထောက်လှမ်း မေးမြန်းတတ်သည်ဟု အင်းစိန်ထောင်အထူးတရားရုံးအတွင်း အမှုလိုက်ပေးနေသည့် ရှေ့နေတစ်ဦးက ပြောသည်။

“ပရမ်းပတာ၊ ဖရိုဖရဲ ဖြစ်နေပြီးတော့ သူတို့ကလည်း အပေါ်မှာ လုပ်ချင်တိုင်းလုပ်၊ အောက်ကလည်း လုပ်ချင်တာလုပ်၊ တရားစီရင်ရေးကြီးက စုတ်ပြတ်သတ်ပြီးတော့ ရစရာမရှိအောင်ပဲ ဖြစ်နေတယ်” ဟု ရှေ့နေက ဆိုသည်။ 

“ဥပဒေအတိုင်းမဟုတ်ဘဲနဲ့ အမှုတွဲပေါ်ပေါက်ချက်အတိုင်းမဟုတ်ဘဲနဲ့ ဖြူဖြူမည်းမည်း ၅၀၅ ဆို ၃ နှစ်သွား၊ ၁၇ /၁ ဆို ၃ နှစ်သွား။ ဒါမျိုးတွေနဲ့ လုပ်နေတာလို့ပဲ မြင်တယ်”  

စွပ်စွဲခံရသူက အာဏာသိမ်းမှုဆန့်ကျင်သူဆိုလျှင် ထောင်မဖြစ်မနေချရသည့် တရားရုံးဖြစ်နေသည်ဟု သူက သုံးသပ်သည်။ 

“တရားစီရင်ရေးပေါ်မှာ ဘာမသိညာမသိ နားမလည်တဲ့ကောင်တွေက ထိုင်ပြီးတော့ လုပ်နေမှတော့ဗျာ၊ တရားစီရင်ရေးက ဘယ်လိုလုပ်ပြီးတော့ ဖြောင့်မတ်မှန်ကန်စရာရှိမှာလဲ” ဟု ထိုရှေ့နေက ပြောလိုက်သည်။   

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button