
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် Alpha ဘိလပ်မြေစက်ရုံအတွက် လုံခြုံရေးပေးနေသော စစ်ကောင်စီတပ်ကင်းစခန်းကို ယနေ့ (မေ ၂) နံနက် ၂ နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။
မန္တလေး-မိုးကုတ် လမ်းဟောင်းဘေး ထိုရဲကင်းစခန်းကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မတ္တရာ PDF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့တိုက်ခိုက်တော့ သူတို့ဘက်က ပြန်ပစ်သံကို မကြားရဘူး။ အလစ်အငိုက် အတင်းဝင်ပစ်သလိုဖြစ်သွားတာ” ဟု အမည်မဖော်လိုသော အဆိုပါ တာဝန်ရှိသူက ပြောသည်။
“သူတို့ စစ်ကူရောက်လာမှ ရောက်လာတဲ့ကောင်တွေက ပစ်တာပဲရှိတာ၊ ကင်းစခန်းကကောင်တွေက ပြန်ကိုမပစ်ဘူး။ သူတို့ စစ်ကူတွေလာတော့လည်း ကျွန်တော်တို့က မရှိတော့ဘူး ပြန်ဆုတ်လာခဲ့ပြီ”
မောင်းပြန်ရိုင်ဖယ်နှင့် လက်လုပ်ဗုံးသီးပစ်လောင်ချာများကိုင်ဆောင်ထားသည့် PDF တပ်ဖွဲ့များက မိနစ် ၂၀ ခန့်ကြာအောင် ပစ်ခိုက်ကာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်ဟု ဆိုသည်။
“ဒီကောင်တွေအတွက် စစ်ကူက မတ္တရာဘက်ကလည်း ထွက်လာတယ်၊ တစ်ဖက်မှာကလည်း စက်ရုံအတွက် ရေတွန်းပေးတဲ့ စက်ရုံကို စောင့်နေတဲ့ကောင်တွေကလည်း လာတယ်၊ ဘိလပ်မြေစက်ရုံကြီးဘက်ကလည်း ပြေးထွက်လာကြတယ်၊ လမ်းပေါ်တက်လာကတည်း သေနတ်တွေဖောက်ပြီး လာသံကြားရတယ်၊ စက်သေနတ်သံတွေလည်း ကြားရတယ်” ဟု သူက ဆိုသည်။
မန္တလေးမြို့နှင့် မိုင် ၂၀ နီးပါးဝေးသည့် ထန်းကုန်းကျေးရွာနှင့် ဝသုန္ဒရကျေးရွာအကြားတွင် တိုက်ပွဲဖြစ်ပွားကြောင်း၊ နှစ်ရွာလုံး၏ လူနေအိမ်များနှင့် ဝေးသည့်အတွက် ပစ်ခတ်မှုများအတွင်း ဒေသခံများ အထိအခိုက်မရှိကြောင်း သိရသည်။
စစ်သားနှင့် ရဲအင်အား ၂၀ ခန့် တပ်စွဲထားကာ လမ်းသွားလမ်းလာများကို စစ်ဆေး၊ ငွေတောင်းတတ်သည့် ကင်းစခန်းတစ်ခုဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတို့ ကန့်ကွက်မှုများကြားက တရုတ်ကုမ္ပဏီ Anhui Conch Cement နှင့် ဖက်စပ် လုပ်ကိုင်နေသည့် Alpha ဘိလပ်မြေစက်ရုံက လုံခြုံရေးအတွက် ထီးတော်မိုးကျေးရွာအခြေစိုက် စစ်တပ်ကို လစဥ်ကြေး ပေးနေရသည်ဟု သိရကြောင်း ဒေသခံများက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)