သတင်း

စစ်ကောင်စီက KNU တပ်မဟာ (၁) နယ်မြေကို စတင်ဗုံးကြဲတိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေဖြစ်သော မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ယမန်နေ့ (မေ ၁) ၌ စစ်ကောင်စီက စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNU တာဝန်ရှိသူက အတည်ပြုပြောကြားသည်။

ကရင်ပြည်နယ် ဘားအံခရိုင်နှင့် နယ်နိမိတ်ထိစပ်နေသော ဘီးလင်းမြို့နယ် လေးကေနှင့် ဝင်းတာပန်ရွာများအနီးကို ယမန်နေ့ မွန်းလွဲပိုင်း ၁ နာရီမှ ၃ နာရီအတွင်း သုံးကြိမ်ခန့် ဗုံးကြဲချခဲ့သည်ဟု KNU တပ်မဟာ (၁) ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ပြောသည်။​

“မနေ့ကပေါ့ ။ စကစက လေယာဉ်နဲ့ လေးကေမှာ ဗုံးလာကြဲတယ်။ ရွာသားသုံးယောက် ထိသွားတယ်လို့ ကြားတယ်။ အိမ်ရှစ်လုံးနဲ့ ဘုန်းကြီးကျောင်းတစ်ခု ထိသွားတယ်။ တချို့အိမ်တွေ မီးလောင်သွားတယ်လို့ ကြားတယ်” ဟု ၎င်းက ပြောသည်။​

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသည့် အခြေအနေနှင့် အခြားထိခိုက်သေဆုံးမှုများ ရှိမရှိ မသိရသေးပေ။ 

စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘီးလင်းမြို့နယ် လေးကေကျေးရွာရှိ နေအိမ် ၁၀ လုံး မီးလောင်ပျက်စီးကြောင်း ဒေသအခြေစိုက် ကရင်သတင်းဌာန KIC က ယနေ့ ဖော်ပြသည်။ 

လေးကေနှင့် ဝင်းတာပန်ရွာရှိ စစ်တပ်နှင့် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်စခန်းနှစ်ခုကို သုံးရက်အတွင်း စွန့်ခွာရန် KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) က ကြေညာပြီးနောက် စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်များ ပျံဝဲခဲ့ကြောင်း၊ ယမန်နေ့တွင် ဗုံးလာကြဲခြင်းဖြစ်ကြောင်း သိရသည်။ 

တောတောင်ထူထပ်ရာ ဒေသရှိ စစ်ကောင်စီ၏ ထိုတပ်စခန်းနှစ်ခုတွင် စစ်သည်အင်အား ၇၀ မှ ၈၀ ကြားရှိပြီး သတိပေးချက် သုံးရက်ပြည့်မြောက်သည့် ဧပြီ ၂၃ ရက် ညပိုင်းတွင် KNU က ထိုတပ်စခန်းများကို သတိပေးပစ်ခတ်ခဲ့သည်။​

ထို့နောက် နောက်တစ်ရက်တွင် စစ်ကောင်စီနှင့် BGF ပူးပေါင်းစခန်းမှ ၆၀ မမ စိန်ပြောင်းများဖြင့် ပစ်ခတ်သဖြင့် လေးကေကျေးရွာရှိ လူနေအိမ်သုံးလုံး ထိမှန်ပျက်စီးခဲ့သည်ဟု သိရသည်။ 

လက်ရှိတွင် ထိုတပ်စခန်းနှစ်ခုမှ စစ်ကောင်စီတပ်များ ဆုတ်ခွာသွားခြင်း မရှိသေးသောကြောင့် စစ်ရေးအခြေအနေ တင်းမာနေသည်ဟု ပဒိုစောစိုးမြင့်က ဆိုသည်။ 

“စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲပဲ အဲဒီဒေသတစ်ဝိုက်ကတော့။ တပ်စခန်း ဆုတ်ခွာတာကတော့ မရှိသေးဘူးပေါ့။ သူတို့က စခန်းထဲမှာပဲ” ဟု ၎င်းက ပြောသည်။ 

KNDO က သတိပေးစာထုတ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် BGF တို့ဘက်မှ ပစ်ခတ်မှုများ ရှိလာသဖြင့် ဘီးလင်းမြို့နယ်ရှိ ကျေးရွာပေါင်း ကိုးရွာမှ လူ ၇၀၀၀ နီးပါး ထွက်ပြေးနေရပြီး ဆန်၊ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များ လိုအပ်နေသည်ဟု KNU တပ်မဟာ (၁) ခရိုင်က ဧပြီ ၂၅ တွင် သတင်းထုတ်ပြန်သည်။

ဒေသတွင်း စစ်ရေးအခြေအနေ တင်းမာနေသောကြောင့် ဘီးလင်းဒေသခံများ ထွက်ပြေး တိမ်းရှောင်နေသည်ကို ဧပြီ ၂၅ ရက်က တွေ့ရစဉ်။​ (ဓာတ်ပုံ- KNU ဒူးသထူခရိုင်) 

လက်ရှိတွင် လေယာဉ်ဖြင့် ဗုံးကြဲပြီးနောက် စစ်ရှောင်အရေအတွက် ပိုများလာနိုင်ကြောင်း KNU ၏ တပ်မဟာ (၁) ဥက္ကဋ္ဌက သုံးသပ်သည်။ 

“ကျန်ခဲ့တဲ့ လေးငါးရက်ကတော့ ၇၀၀၀၊ အခု ရွာသားတွေကတော့ ဗုံးထပ်ကြဲတော့ ရွာတွေ ပြေးကုန်ပြီ ကြားတယ်။ ဗုံးကြဲခံရတာကတော့ ပြည်သူတွေကိုပဲ ပစ်မှတ်ထားတာ။ လူ့အခွင့်အရေး ချိုးဖောက်တာပေါ့။ မင်းအောင်လှိုင် အာဏာစသိမ်းကတည်းက ပြည်သူကို ပစ်မှတ်ထားတာ ဒီနေ့ဒီချိန်ထိပဲ” ဟု ၎င်းက ပြောသည်။​

“ပြောချင်တာကတော့ ပြည်သူတွေ သတိရှိကြဖို့၊ တိုက်ပွဲဖြစ်နေတဲ့အချိန်ကလည်း လွတ်ရာကင်းရာမှာ နေပေးဖို့ပေါ့။ ပြည်သူတွေလည်း ဒုက္ခရောက်တာပေါ့။ အိုးအိမ်စွန့်ခွာရတာတို့ပေါ့။ အခုက မိုးကျပြီဆိုတော့ စိုက်ပျိုးရေးကိစ္စတွေရှိတော့ ပြေးမရတာလည်းရှိတယ်။ ကျွန်တော်တို့ စိတ်မကောင်းဘူး” 

စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်ပွဲများဖြစ်နေသော KNU ၏ တပ်မဟာ (၃)၊ (၅) နှင့် (၆) တို့တွင် လေယာဉ်ဖြင့် ယမန်နှစ် မတ်လအစောပိုင်းကတည်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တပ်မဟာ (၁) တွင် ပထမဆုံးအကြိမ် ဖြစ်သည်။ 

ပြီးခဲ့သည့် ဧပြီ ၂၅ ကလည်း တပ်မဟာ (၂) နယ်မြေ တောင်ငူခရိုင်အတွင်း ကျီးချောင်းနှင့် ကိုးဒေးစစ်စခန်းနှစ်ခုကို ၁၅ ရက်အတွင်း ထွက်ခွာသွားရန် KNDO ၏ တပ်ရင်း (၄) က သတိပေးစာ ထုတ်ပြန်ထားသည်။ 

လက်ရှိတွင် တပ်မဟာ (၅) ဖာပွန်နှင့် တပ်မဟာ (၆) မြဝတီ (လေးကေ့ကော်)၊ ကော့ကရိတ်တစ်ဝိုက်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး ပြီးခဲ့သည့်လအတွင်း ထိုဒေသများ၌ နေ့စဉ်အကြိမ်ရေ ဆယ်ဂဏန်းအထိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ရှိခဲ့သည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button