မကြာသေးမီကမှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (MOEE) မှ အရာရှိတစ်ဦးကို စစ်ကောင်စီက ရာထူးတိုးပြီး တစ်လအကြာတွင် ထောင် ၁၅ နှစ်အထိချမှတ်နိုင်သည့် အဂတိတိုက်ဖျက်ရေး ဥပဒေနှင့် အမှုဖွင့်လိုက်သည်။
မတ်လဆန်းတွင် အသက် ၅၀ ကျော်အရွယ် ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးကို အမြဲတမ်းအတွင်းဝန်အဖြစ် ရာထူးတိုးပေးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီလက်ထက် ထိုဌာန၏ဝန်ကြီးဖြစ်လာသူ ဦးအောင်သန်းဦး၏ ခရီးစဉ်များတွင်လည်း ဧပြီလဆန်းအထိ ဦးသန်းနိုင်ဦး လိုက်ပါခဲ့သည်ကို ဌာနထုတ်ပြန်ချက်များတွင် တွေ့ရသည်။
NLD အစိုးရလက်ထက် ထိပ်တန်းအရာရှိတစ်ချို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးအရေးယူထားကြောင်း စစ်ကောင်စီက ဧပြီ ၂၆ တွင် ကြေညာခဲ့ရာ ထိုအထဲတွင် ဦးသန်းနိုင်ဦးအမည် ပါဝင်လာသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းရှိ တီကျစ်ကျောက်မီးသွေးစက်ရုံနှင့်ပတ်သက်၍ အဂတိဥပဒေနှင့် သူ့ကို အရေးယူကြောင်း ကြေညာခဲ့ရာ စွပ်စွဲခံရသူများထဲတွင် NLD အစိုးရအဖွဲ့မှ ဝန်ကြီး ၂ ဦး၊ ဒုဝန်ကြီး ၁ ဦး၊ ညွှန်ကြားရေးမှူး ၁ ဦး၊ အကျိုးတူလုပ်ကိုင်ခဲ့သည့်ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးချစ်ခိုင်နှင့် သားဖြစ်သူကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမင်းခိုင်တို့လည်း ပါဝင်သည်။
NLD အစိုးရ အရာရှိများမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ဆန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းခိုင်နှင့် ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်တို့ ဖြစ်သည်။
ကျောက်မီးသွေးဝယ်ယူခြင်း စာချုပ်ချုပ်ဆိုရာတွင် နိုင်ငံက ကျပ်သန်း ၉၀၀၀ ကျော်နစ်နာခဲ့သည်ဟု စစ်ကောင်စီကစွပ်စွဲကာ ဝန်ကြီး၊ ဒုဝန်ကြီးတို့ကို ပုဒ်မ ၅၅၊ ကျန်ပုဂ္ဂိုလ်များကို ပုဒ်မ ၅၅/၆၃ တို့နှင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်၊ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်တို့ကို မန္တလေး၊ အိုးဘိုထောင်၌ ထိန်းသိမ်းထားကြောင်း ထောင်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ဦးသန်းနိုင်ဦးကို ရာထူးတိုးပေးပြီးမှ အမှုတွင်ထည့်သွင်းရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးကြောင်း စီးပွားရေးအသိုင်းအဝိုင်းက ပြောသည်။
“သူက စိတ်ရင်းတော့ ကောင်းတယ်။ ခိုင်းတာလုပ်မယ်၊ အေးဆေးနေမယ်၊ အဲဒီလိုမျိုးလူ။ ဒါပေမယ့် အရင်က ဒေါက်တာထွန်းနိုင်တို့နဲ့တော့ တပည့်အရင်းလိုနေတဲ့သူပေါ့”ဟု နေပြည်တော်နေ အသက် ၄၀ အရွယ် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။
စစ်တပ်က မဲစာရင်းအကြောင်းပြ အာဏာသိမ်းမှုကို ဆန့်ကျင်၍ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပါဝင်ခဲ့ကြသူများထဲတွင် MOEE ဌာနမှ ဝန်ထမ်းများ ပါဝင်ခဲ့ကြသော်လည်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက CDM မပြုလုပ်ဘဲ စစ်ကောင်စီလက်ထက် အမြဲတမ်းအတွင်းဝန်ဖြစ်လာသည်။
ထို့နောက် CDM ပါသော လျှပ်စစ်ဝန်ထမ်းများကို စစ်ကောင်စီအလိုကျ ရာထူးမှထုတ်ပယ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဝန်ထမ်းအိမ်ရာမှ နှင်ထုတ်ခြင်းစသည့် ဖိနှိပ်မှုများကျူးလွန်သည်ဆိုကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဦးသန်းနိုင်ဦး အပါအဝင် ၁၅ ဦးကို အမည်ပျက်စာရင်း သွင်းကြောင်း ကြေညာထားသည်။
ထိုသူကို စစ်ကောင်စီက ကိုယ်တိုင်ရာထူးတိုးပေးပြီး အဂတိမှုဖြင့် စွပ်စွဲလိုက်ခြင်းမှာ NLD ဝန်ကြီးများနှင့် ပတ်သက်၍ အပြစ်ရှာလိုခြင်းသာဖြစ်နိုင်ကြောင်း NUG ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက မှတ်ချက်ပြုသည်။
“ကြံဖန် အပြစ်ရှာဖို့အတွက် အချက်အလက် ရှာတယ်လို့ပဲ မြင်တယ်။ Non CDM ဆက်လုပ်နေတော့ ရာထူးတိုးပါ ယူလိုက်တဲ့သူက ခံရတာပေါ့။ အဲဒါက ရှင်းရှင်းလေးပဲလေ။ စစ်ကောင်စီအောက်မှာ ဘယ်သူမှ မလုံခြုံဘူးဆိုတာကို ပြနေတာ”ဟု ဦးစိုးသူရထွန်းက Myanmar Now ကို ဧပြီ ၂၈ တွင် ပြောသည်။
NLD လက်ထက် တီကျစ်စက်ရုံ ဆက်လည်ပတ်သဖြင့် နိုင်ငံနစ်နာသည်ဆိုခြင်းမှာ စစ်ကောင်စီ၏ အကြောင်းပြချက်သက်သက်သာဖြစ်ကြောင်း NUG က တုံ့ပြန်သည်။
အလားတူ နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်ကို ထိုစက်ရုံကိစ္စအကြောင်းပြ၍ ဖမ်းဆီးခြင်းမှာလည်း ပုဂ္ဂိုလ်ရေးအရ မကျေနပ်ချက်ကြောင့်သာဖြစ်နိုင်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
“ခေတ်အဆက်ဆက်မှာ ဘယ်တော့မှ အထိခိုက်မခံခဲ့ရဘူး။ ပြီးတော့ လုပ်ငန်းကအစ စနစ်ကျတယ်။ ဥပမာ Denko ဆိုရင် တခြားဆီဆိုင်တွေနဲ့ မတူဘူး၊ ပိုသာတယ်လေ။ အဲ့တော့ ဒီလိုလုပ်တဲ့သူလည်းမရဘူး။ ဒီလုပ်ငန်းတွေက တကယ့်တကယ် ငြိတာမဟုတ်ဘဲနဲ့ အပြစ်ရှာပြီးဖမ်းလိုက်တာပဲ”ဟု ဦးစိုးသူရထွန်းက ပြောသည်။
“နောက်အကြောင်းပြချက်တစ်ခုက ပိုက်ဆံလိုချင်လို့လည်း ဖြစ်နိုင်တယ်။ သူတို့က ငွေ အငမ်းမရလိုချင်နေတော့ လူတွေရဲ့ ဘဏ်အကောင့်တွေ၊ နိုင်ငံခြားကအဆက်တွေ ဒါတွေ ရှာချင်လို့ လိုချင်လို့ပဲ၊ အနည်းဆုံးတော့ ဆုပ်ကိုင်ထားချင်လို့ပဲ၊ သုံးချင်လို့ပဲ ယူဆတယ်”
တီကျစ်စက်ရုံလုပ်ငန်းသည် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေလက်ထက်က တရုတ်နိုင်ငံ အမျိုးသားအကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်း (China National Heavy Machinery Corporation) နှင့် ဦးချစ်ခိုင် တည်ထောင်သော အေဒင်အုပ်စုကုမ္ပဏီတို့ကို နှစ်ရှည်လုပ်ပိုင်ခွင့် ပေးခဲ့ခြင်းဖြစ်သည်။
ထိုအချိန်က သုံးသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး နည်းပညာနိမ့်ကျခြင်း၊ စက်ချို့ယွင်းခြင်းတို့ကြောင့် စက်ရုံမှ အညစ်အကြေးများက အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများကို ကျန်းမာရေး ဆိုးကျိုးများဖြစ်စေ၍ ရပ်ဆိုင်းပေးရန်ပင် တောင်းဆိုခံရကြောင်း NLD လက်ထက် လွှတ်တော်တွင် ဆွေးနွေးထားသည်။
စက်ရုံ စတင်ပြီး ဆယ်စုနှစ်တစ်ခုကျော်အကြာ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၄ တွင် ယာယီရပ်ဆိုင်းခဲ့ရသည်။ နောက်ထပ် နည်းပညာသစ်ဖြင့် စမ်းသပ်လည်ပတ်ရန် တရုတ်ကုမ္ပဏီ (Wuxi Hua Guang Electric Power Engineering Co.,Ltd) နှင့် ဧဒင်ကုမ္ပဏီကို ဦးသိန်းစိန်အစိုးရက၂၀၁၅ အောက်တိုဘာမှစ၍ နောက်ထပ် ၂၂ နှစ်ကြာအထိ လုပ်ကိုင်ခွင့်ပြုခဲ့သည်။
ဦးသိန်းစိန်ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီကို ၂၀၁၅ တွင် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပြီး အနိုင်ရ NLD အစိုးရကလည်း အဆိုပါကုမ္ပဏီများကို ဆက်လက်လုပ်ကိုင်ခွင့်ပြုခဲ့သည်။
ထို့နောက် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံတော်မှ နစ်နာသည်ဟုဆိုကာ NLD အစိုးရနှင့် အကျိုးတူလုပ်နေသော ပြည်တွင်းကုမ္ပဏီတစ်ခုတို့ကို အရေးယူခဲ့သော်လည်း ထိုလုပ်ငန်းကို အဓိကတာဝန်ယူလည်ပတ်နေ သော တရုတ်ကုမ္ပဏီ (Wuxi Hua Guang) နှင့် ပတ်သက်၍ တစုံတရာထုတ်ပြန်ခြင်း မရှိပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)