ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ သင်္ကြန်မဏ္ဍပ်အပါအဝင် အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်တန်းလျားများ၊ ရဲစခန်းများ တစ်ဒါဇင်ထက်မနည်းကို တိုက်ခိုက်ခဲ့သည့် ရန်ကုန်အခြေစိုက် Dark Shadow မြို့ပြ ပြောက်ကျားအဖွဲ့ အဖွဲ့ဝင်များ ပစ်ခတ်ဖမ်းဆီးခံခဲ့ရပြီး သေဆုံးမှုများလည်းရှိသည်ဟု ထိုအဖွဲ့နှင့် ရန်ကုန်ဒေသခံများက ပြောသည်။
ရန်ကုန်မြို့တစ်ဖက်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းကျေးရွာကို ဧပြီ ၂၇ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ် စီးနင်းခဲ့ရာ အဖွဲ့ဝင် အသက် ၂၀ အရွယ် လူငယ် ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး လူငယ် ၉ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်ဟု အလတ်ချောင်းဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်သည် ဧပြီ ၂၇ မွန်းလွဲတွင် နှိပ်စက် ညှဉ်းပန်းခံထားရသည့် အသက် ၂၀ အရွယ် လူငယ်ကို ဖမ်းဆီးခေါ်ဆောင်လာပြီး အလတ်ချောင်းကျေးရွာကို ဝင်ရောက်ရှာဖွေခဲ့သည်။
ထို့နောက် စစ်ကား ၂ စီး၊ အိမ်သုံးကား ၃ စီးဖြင့် ရောက်လာသည့် စစ်သားတို့က ကျေးရွာအတွင်း ပစ်ခတ်ဖမ်းဆီးခဲ့ရာ အသက် ၂၀ ကျော်အရွယ် ပြောက်ကျားအဖွဲ့ဝင် လူငယ်တစ်ဦး သေဆုံးကြောင်း၊ တစ်ဦးမှာ ရန်ကုန်ဘက်သို့ လွတ်မြောက်သွားသည်ဟု သိရကြောင်း အလတ်ချောင်းရွာမှ ၂၅ နှစ် အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။
“အတူတူ အပစ်ခံရတာ တစ်ယောက်ကနေရာမှာတင်သေတာ။ နောက် တစ်ယောက်က ဒဏ်ရာနဲ့ပြေးသွားတာ” ဟု ၎င်းက ပြောသည်။
“ဘောလုံးကန်နေတဲ့သူတွေလည်း ပါတယ်ဆိုပြီးတော့ လိုက်ဖမ်းတယ်။ တစ်ယောက်ကို ပစ်သတ်လိုက်တယ်”
အဖွဲ့ဝင်တချို့သေဆုံးခဲ့ပြီး လက်နက်များလည်း ဆုံးရှုံးခဲ့ရကြောင်း Dark Shadow အဖွဲ့ Myanmar Now ကို ပြောသည်။
ပစ်ခတ်မှုအတွင်း သေဆုံး၊ ဖမ်းဆီးခံရသူတို့၏ အမည်များကို Dark Shadow အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောဆိုခြင်း မရှိပေ။
“တိုးဂိတ်မှာပစ်ခံရတာက ခေါင်းဆောင် အသားဖြူဖြူနဲ့ညီလေးပါ။ သေဆုံးတာက ခေါင်းဆောင်အပါအဝင် ၃ ဦး လောက်ရှိတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
အဖွဲ့ဝင်နှင့် အရပ်သားမည်မျှ ဖမ်းဆီးခံရသည်ကို မသိရသေးပေ။
ဧပြီ ၂၇ က ဖြစ်ပွားခဲ့သည့် အလတ်ချောင်းကျေးရွာကို အင်အားသုံးဖမ်းဆီး ဖြိုခွင်းမှုတွင် ပါဝင်ကူညီသော အလတ်ချောင်း ဒေသခံ ဒလန်ဟု ယူဆရသူတို့ကို ပြည်သူ့တရားစီရင်ရေးဖြင့် ပြန်လည်လက်တုန့်ပြန်မည်ဟု ကြည့်မြင်တိုင် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီ ၂၈ ညတွင် ထုတ်ပြန်ထားသည်။
Dark Shadow အဖွဲ့သည် နန်းထိုက်အောင်စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ကြောင်း ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့များထံမှ သိရသည်။
ဧပြီ ၈ တွင် ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ သင်္ကြန်မဏ္ဍပ်ကို ဖောက်ခွဲခဲ့ပြီး၊ ဧပြီ ၂၁ တွင် ကမာရွတ်မြို့နယ် ရဲစခန်းကို ဖောက်ခွဲ့ခဲ့ကြောင်း၊ ဧပြီ ၂၅တွင် ဗဟန်းမြို့နယ်၊ မဟာစည်ရိပ်သာလမ်းရှိ စစ်တပ်မိသားစု အိမ်ရာကို ဖောက်ခွဲခဲ့ ကြောင်း Dark Shadow အဖွဲ့က ၎င်းတို့၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)