သတင်း

ပျူစောထီးရမ်းကားသည့် လောင်းလုံတွင် ပြည်သူ ၂ ဦးထက်မနည်းသေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာအတွင်း ယမန်နေ့ (ဧပြီလ ၂၈) က အဖွဲ့ဝင်တစ်ဦး အသတ်ခံရပြီး ညဘက်တွင် ရွာကို ပျူစောထီးအဖွဲ့က ဝင်ရောက်ပစ်ခတ်၍ အရပ်သား ၂ ဦးထက်မနည်း သေဆုံးသွားသည်။

မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်ခရိုင်တွင်ရှိသည့် ထိုကျေးရွာတွင် နံနက် ၇ နာရီခန့်က ပျူစောထီးအဖွဲ့ဝင် ဒေါ်သန်းသန်းတင့်ကို ပစ်ခတ်လုပ်ကြံခဲ့သည်ဟု ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF တပ်ခွဲ ၃) က သတင်းထုတ်ပြန်ထားသည်။

ထို့နေ့ ည ၉ နာရီခွဲခန့်တွင် စစ်တပ်က လက်နက်တပ်ဆင်ပေးထားပြီး ပျူစောထီးဟု လူသိများသည့် အဖွဲ့က ကျေးရွာရှိ နေအိမ် ၅ လုံးခန့်ကို ဝင်ရောက်ပစ်ခတ်ကြောင်း ဒီမိုကရေစီရေးလှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) တာဝန်ရှိသူက အတည်ပြုသည်။

“တစ်အိမ်ဝင်လိုက် ပစ်သတ်ပြီးမှ နောက်တစ်အိမ်သွား၊ နောက်တစ်ယောက် ပစ်သတ်တာ။ ၄၊ ၅ အိမ် လောက် ဝင်ပစ်တယ်။ ၂ အိမ်လောက်က သူတို့ဝင်ပစ်တဲ့အချိန် မထိဘဲ ထွက်ပြေး လွတ်မြောက်သွားတယ်” ဟု ၎င်းက ပြောသည်။

ဦးခေါင်း ကျည်ဆန်ထိမှန်သည့် အသက် ၅၀ အရွယ် ဦးကျော်ထွေး၊ အသက် ၇၀ ဝန်းကျင် ဦးဖေသန်းတို့မှာ ပွဲချင်းပြီးသေဆုံးသည်၊ အသက် ၅၀ ရှိ ဦးဖေမွန်ဆိုသူ ဒဏ်ရာပြင်းထန်စွာရပြီး ထားဝယ်ဆေးရုံတွင် ကုသခံနေစဉ် သေဆုံးပြီဟု သတင်းကြားသော်လည်း အတည်မပြုနိုင်ဟု ထိုသူက ဆက်ပြောသည်။

“ကျွန်တော်တို့သိသလောက်တော့ သူတို့က ရွာမှာ အေးအေးဆေးဆေးနေတတတ်တဲ့ ရပ်မိရပ်ဖတွေပါ၊ လူလေးစားခံရတဲ့သူတွေပေါ့။ တော်လှန်ရေးမှာ ပါဝင်လား၊ မပါဝင်လားတော့ သေချာမသိပေမဲ့ လုပ်တယ်လို့တော့ (သတင်း) ကျော်စောမရှိပါဘူး”။

စစ်ကောင်စီဘက်က လာရောက်စစ်ဆေးမှုမရှိကြောင်း၊ သေနတ်ဖြင့် ရမ်းကားခဲ့သည့် ပျူစောထီးအဖွဲ့ဝင်များ ကျေးရွာရှိ နယ်မြေရဲစခန်းအတွင်း ဝင်ထွက်သွားလာနေသည်ဟု သတင်းရရှိကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။

၎င်း၏ အဆိုအရ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာတွင် ကျေးရွာအတွင်း လစဉ် ဆက်ကြေးကောက်သည့် ပျူစောထီး ၁၅ ဦးခန့်ရှိပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်တတ်သည်ဟု သိရသည်။

ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ ကာယကံရှင် မိသားစုဝင်များနှင့် စစ်ကောင်စီထံ မေး၍ မရသေးပေ။

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ပန္ဒလဲကျေးရွာအတွင်း ပျူစောထီအဖွဲ့ ပစ်ခတ်မှုကြောင့် ဧပြီလ ၂၈ ရက်တွင် ထိခိုက်ဒဏ်ရာရခဲ့သည့် အရပ်သား နှစ်ဦး။ ဓာတ်ပုံ-ပေးပို့

အာဏာသိမ်းပြီး တစ်နှစ်ကျော်ချိန်တွင် နိုင်ငံအနှံ့ ဒေသကာကွယ်ရေးအဖွဲ့များ၏ ခုခံမှုများကို ရင်ဆိုင်နေရသည့် စစ်ကောင်စီက ပြည်သူအချင်းချင်း တုံ့ပြန်မည့် ဗျူဟာသုံးမည်ဟု ဧပြီ ၂၇ ရက် နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြာဆိုထားသည်။

ထို့အတူ မီးသတ်၊ ကြက်ခြေနီ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)၊ နိုင်ငံရေးပါတီအချို့တို့နှင့် ပေါင်း၍ ပြည်သူ့လုံခြုံရေးအဖွဲ့များဖွဲ့စည်းမည်ဟုလည်း စစ်ကောင်စီက ထုတ်ပြောထားသည်။

စစ်ရေး၊ အုပ်ချုပ်ရေးအပါအဝင် ကဏ္ဍမျိုးစုံ၌ အာဏာသိမ်းစစ်တပ်ကို အကျပ်တွေ့အောင် လုပ်ထားနိုင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အကြမ်းဖက်ဝါဒီ စစ်ကောင်စီကို အမြန်ဆုံး စွန့်ခွာပြီး လက်နက်များအပ်ကာ ပြည်သူ့တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ရန် ပျူစောထီးများကို တိုက်တွန်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button