
နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးရှေ့တွင် ၂၀၁၉ ခုနှစ်က တွေ့ရသည့် ရှေ့နေ ဒေါ်ရွက်နုအောင်။ ဓာတ်ပုံ – ဉာဏ်လှိုင်လင်း/Myanmar Now
မယ်ရီနှင်း/Myanmar Now
မန္တလေးတွင် ထိန်းသိမ်းခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များဘက်မှ အမှု လိုက်ပေးနေသည့် ရှေ့နေ ဒေါ်ရွက်နုအောင်ကို ယမန်နေ့(ဧပြီ ၂၇) ညနေပိုင်းတွင် စစ်ကောင်စီက ဖမ်းသွားသည်။
မန္တလေး အိုးဘိုထောင်အတွင်း အထူးတရားရုံး၌ NLD ဒုတိယ ဥက္ကဋ္ဌ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၏ ရုံးချိန်းအပြီးတွင် ဒေါ်ရွက်နုအောင်နှင့် ၎င်း၏ ရုံးအဖွဲ့မှ ရှေ့နေတစ်ဦး ဖမ်းဆီးခံရသည်မှာ မှန်ကန်ကြောင်း တရားရေးအသိုင်းအဝိုင်းမှ သုံးဦးက အတည်ပြုသည်။
“အိုးဘိုထောင်က အပြန်လို့ပဲ သိရတယ်။ လမ်းခုလတ်လား။ ဘယ်နားလဲ သေချာမသိဘူး။ စစ်ကောင်စီ လက်ချက် ဆိုတာတော့ အသေချာအတည်ပြုနိုင်တယ်။ စစ်ကောင်စီဘက်က သတင်းပေးသူထံက အသေးစိတ်တော့ မသိရ သေးဘူး”ဟု မြို့ခံ ရှေ့နေ အမျိုးသား တစ်ဦးက ပြောသည်။
ဒေါ်ရွက်နုအောင်ကို မည်သည့်နေရာ၌ မည်သည့်အမှုဖြင့် ဖမ်းဆီးထား သည်ကိုလည်း စုံစမ်း၍ မရသေးဟု တရားရေး အသိုင်းအဝိုင်းထံမှသိရသည်။
“သူက မန္တလေး NLD တစ်ယောက်ဖြစ်တာရယ်၊ ရှေ့ရက်ပိုင်းတွေထဲက NLD ပါတီဝင်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက တရားစွဲဖို့ရှိတယ်လို့ကြားထားတယ်”ဟု ရှေ့နေ အမျိုးသမီးတစ်ဦးက ပြောသည်။
ယနေ့(ဧပြီ ၂၈) နံနက် ၁၁ နာရီအထိ မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ၆၈ လမ်း၊ ၃၀x၃၁ လမ်းကြားတွင်ရှိ သည့် ဒေါ်ရွက်နုအောင်၏ ရုံးခန်းကို စစ်ကောင်စီက လာရောက်ရှာဖွေမှု မရှိသေးဟု မြို့ခံ ရှေ့နေ နှစ်ဦးက အတည်ပြုသည်။
ပြည်သူမဲပေးရွေးချယ်ထားသည့် အစိုးရကို ဖြုတ်ချကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် စစ်တပ်က အာဏာသိမ်းပြီး နောက်တွင် ဖမ်းဆီးခံရသည့် ဒေါက်တာဇော်မြင့်မောင် အပါအဝင် မန္တလေးတိုင်း NLD ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ ကဲ့သို့သော ထင်ရှားသော နိုင်ငံရေးအသိုင်းအဝိုင်းဘက်မှ ဒေါ်ရွက်နုအောင်က အမှုလိုက်ပါဆောင်ရွက်နေသည်။
ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် အသက် ၄၃ နှစ်အရွယ် ဒေါ်ရွက်နုအောင်မှာ မန္တလေးတိုင်း NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။
၂၀၁၉ ခုနှစ်အတွင်း နေပြည်တော်တွင် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရပြီး အများက ဗစ်တိုးရီးယားဟု သတ်မှတ် ခေါ်ဆိုကြသည့် ကမ္ဘာသိအမှုတွင် နစ်နာသူ မူကြို အရွယ် မိန်းကလေးဘက်မှ ဒေါ်ရွက်နုအောင်က ရှေ့နေလိုက် ပေးခဲ့သည်။