သတင်း

လုပ်ငန်းရှင် သားအဖများကို စစ်ကောင်စီ အမှုဖွင့်

ထိပ်တန်းလုပ်ငန်းရှင် ဧဒင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးချစ်ခိုင်နှင့် ၎င်း၏သားဖြစ်သူ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမင်းခိုင်တို့ အမှုဖွင့်ခံရခြင်းက အာဏာသိမ်းခြင်းကို လူသိရှင်ကြားဆန့်ကျင်မှုမပြုသူတို့လည်း အချိန်မရွေး နှိပ်ကွပ်ခံရနိုင်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်။

၎င်းတို့ထက် ပိုမိုထင်ရှားသည့် ရန်ကုန်မှ လုပ်ငန်းရှင် ဦးခင်ရွှေတို့သားအဖလည်း လွန်ခဲ့သည့် ၄ နှစ်က ဖြစ်ခဲ့သည့်အမှုအတွက် ယခင်လကပင် ဖမ်းဆီးခံထားရသည်။  

စစ်ကောင်စီက မည်သူ့ကိုမဆို ဖမ်းဆီးထားရန် ရည်ရွယ်ထားပုံရသည်ဟု ရန်ကုန်မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ကျန်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အကုန်လုံးက စိုးရိမ်နေရတဲ့ အနေအထားဖြစ်သွားပြီ။ ဦးခင်ရွှေတို့ Case (အမှု) ဆိုရင်လည်း အာမခံပေးလို့ရတဲ့ အနေအထားမျိုးရှိရင် ပေးရမှာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုလုပ်ငန်းရှင်က Myanmar Now ကို ပြောသည်။  

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေးစက်ရုံမှ ဓာတ်သတ္တုထုတ်လုပ်ရာတွင် ဧဒင်ကုမ္ပဏီထံမှ ရသည့် သတ္တုခွန်လျော့နည်းသဖြင့် ၂၀၁၈-၂၀၂၁ အတွင်း ဘဏ္ဍာငွေ ကျပ်ဘီလျံ တစ်သောင်းခွဲကျော် (၁၅,၉၀၀) နစ်နာသည်ဟု စစ်ကောင်စီ၏ အဂတိတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားသည်။ 

ဧပြီ ၂၆  ည ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ သယံဇာတဝန်ကြီး ဦးအုန်းဝင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်၊ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်တို့ကိုပါ တစ်ပေါင်းတည်း အမှုဖွင့်ကြောင်း သိရသည်။

ဦးဆောင်ညွှန်ကြားရေးမှူးများဖြစ်သည့် အမှတ် ၁ သတ္တုတွင်းလုပ်ငန်းမှ ဦးကျော်ဆန်း၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းမှ ဦးသန်းနိုင်ဦးတို့ကိုပါ ထောင် ၁၅ နှစ်အထိ ချနိုင်သည့် အဆိုပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ ဖြင့် ကော်မရှင်က စွပ်စွဲထားသည်။

ပြည်ပခရီးတစ်ခုမှ ပြန်လာသည့် ဦးချစ်ခိုင်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်သည်ဟု ဧပြီ ၂၅  ညနေပိုင်းက သတင်းဌာနအများအပြား၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားကြသည်။  

ဧဒင်ကုမ္ပဏီသည် တီကျစ်ကျောက်မီးသွေးစက်ရုံကို ၂၀၀၀ ပြည့်နှစ်မှစ၍ အစိုးရနှင့် အကျိုးတူလုပ်ကိုင်ခွင့်ရထားခြင်းဖြစ်သည်။

ယခင်စစ်အစိုးရနှင့် ဦးသိန်းစိန်အစိုးရတို့ လက်ထက်ကတည်းက ပေါ်ပေါက်လာသော ကျောက်မီးသွေးစီမံကိန်းကို ဦးချစ်ခိုင်တို့ လုပ်ပိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ရန်ကုန်မှ အထက်ပါ လုပ်ငန်းရှင်က ပြောသည်။  

“သမ္မတဦးသိန်းစိန်ရဲ့ အချိန်ကာလမှာ တရုတ်ကို လျှပ်စစ်စက်ရုံပေးတဲ့အချိန်မှာ စက်ရုံက မလည်နိုင်တော့ အဲဒီလေးနှစ်စလုံးမှာ ကျောက်မီးသွေးက ဘယ်မှာမှ ရောင်းမရဘူး။ မိုင်းလုပ်ငန်းကြီးကို ရပ်ထားရတာ” ဟု သူက ပြောသည်။

လုပ်ငန်းရှင် ဦးချစ်ခိုင်ကို NLD ဝန်ကြီးများနှင့် အမှုတွဲပြီး အဂတိမှုကျူးလွန်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းဖြစ်သောကြောင့် ကြီးမားသည့်အမှု ဖြစ်လာကြောင်း၊ NLD အစိုးရက လုပ်ငန်းရှင်ကို မျက်နှာသာပေးလုပ်ကိုင်စေခဲ့ခြင်း မဟုတ်ဟု နားလည်ထားကြောင်း သူက ဆက်ပြောသည်။ 

“သုံးလေးနှစ်လောက်ရပ်ထားရတဲ့ ဟာကြီးက လုပ်ငန်းက တော်တော်ဆုံးရှုံးတယ်၊ စက်ပစ္စည်းတွေရော ဘာတွေရော။ ရပ်ထားရတဲ့ ဟာကို သူက (NLD အစိုးရက) ကုစားပေးချင်လို့ ဒီဟာကို လျှော့ပေးတာဗျ။ ဒါလည်း အစည်းအဝေးတွေ ဘာတွေနဲ့ သေချာလုပ်ထားတာ” ဟု သူက ဆိုသည်။

“ဒါကတော့ စွပ်စွဲတဲ့သဘောပေါ့။ ဒီဟာကို ဖြေရှင်းဖို့လည်း သူတို့မှာ အဖြေရှိပါတယ်။ တရားမျှတတဲ့ တရားခွင်ဖြစ်မယ်ဆိုရင်တော့ ဒီဘက်က အချက်အလက်တွေ အကုန်ပြောလို့ရမှာပေါ့လေ”

၇၄ နှစ်အရွယ် ဦးချစ်ခိုင်သည် စစ်တပ်နှင့် အကျိုးတူစီးပွားရေးများလုပ်သည့် ခရိုနီအဖြစ် ထင်ရှားပြီး ဆောက်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပိုင်ဆိုင်သည်။

၁၉၉၀ တွင် စတင်ထူထောင်သည့် ၎င်း၏ ဧဒင်ကုမ္ပဏီ (Eden Group of Companies) လက်အောက်တွင် မြန်မာ့ရှေ့ဆောင် (MAB) ဘဏ်၊ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီ (MAPCO)၊ Denko ဆီဆိုင် စသည့် ထင်ရှားသောလုပ်ငန်းများရှိသည်။

၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် နိုင်ငံတကာအရေးယူပိတ်ဆို့မှုများကို ရှောင်ရှားရန် တပ်ပိုင်စီးပွားရေးလုပ်ငန်းအချို့ကို ဦးချစ်ခိုင်ဦးဆောင်သောလုပ်ငန်းစုက လမ်းခွဲထားသည်။ ၎င်းပိုင် Denko ဆီဆိုင်အချို့ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည်။

အာဏာသိမ်းမှု တစ်နှစ်ကျော်အတွင်း စစ်ကောင်စီက ဖမ်းထားကြောင်း အများသိထုတ်ပြောသည့် စီးပွားရေးလုပ်ငန်းရှင် နှစ်ဦးရှိပြီဖြစ်ပြီး ပထဆုံးသူမှာ ဇေကမ္ဘာ ဦးခင်ရွှေတို့ သားအဖဖြစ်သည်။

စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ်ဟောင်း ဦးခင်ရွှေ၊ သားဖြစ်သူ ဦးဇေသီဟတို့သည် မတ် ၂၁ တွင် ဖမ်းဆီးခံရပြီး နိုင်ငံပိုင်အဆောက်အအုံများကို ခွင့်ပြုချက်မရဘဲ ဖြိုဖျက်မှုနှင့် အရေးယူသည်ဟု စစ်ကောင်စီက အကြောင်းပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button