
ရန်ကုန်မြို့၊ အင်းစိန်ထောင်မှ ကျောင်းသားခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားတစ်ရာကျော်ကို နယ်ထောင်များသို့ ပြောင်းရွေ့နေကြောင်း မိသားစုဝင်များနှင့် ရှေ့နေများထံမှ သိရသည်။
စစ်ကောင်စီက နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ကနှင့် ထောင်ဒဏ်ချထားသူ ၁၃၀ ကို ပဲခူးတိုင်းအတွင်းရှိ ထောင်များသို့ ပြောင်းရွေ့နေသည်ဟု သိရကြောင်း အင်းစိန်ထောင်တွင်းသတင်းရင်းမြစ်များနှင့် နီးစပ်သည့် ရှေ့နေတစ်ဦးက ပြောသည်။
“အမျိုးသမီး ၃၀၊ အမျိုးသား ၁၀၀ ကို ဒိုက်ဦးထောင်ကို လွှဲပြောင်းပေးတော့မယ်လို့ သိရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုရှေ့နေက ပြောသည်။
“တချို့လူတွေကျတော့ သာယာဝတီကိုလည်း လွှဲတယ်လို့ သိရတယ်၊ လူဦးရေအတိအကျတော့ မသိဘူး အကုန်လုံးကတော့ နိုင်ငံရေးအကျဉ်းသားပဲ”
ဒိုက်ဦးထောင်သို့ ပြောင်းရွေ့ခံရသူများထဲတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဗဟိုအလုပ်မှုဆောင် ကိုအောင်ဖုန်းမော်၊ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဒုတိယဥက္ကဋ္ဌ ကိုဆစ်နိုင်တို့ပါဝင်သည်ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။
ထို့ပြင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဗဟိုအလုပ်မှုဆောင် ကိုလေပြေစိုးမိုးကိုလည်း သာယာဝတီထောင်သို့ ပြောင်းရွေ့လိုက်ပြီဟု မိသားစုဝင်တစ်ဦးက အတည်ပြုကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုဖြင့် ပြီးခဲ့သည့်နှစ် မတ်လကတည်းက ဖမ်းဆီးခံခဲ့ရသည့် ၎င်းတို့သုံးဦးမှာ ကမာရွတ်မြို့နယ်တရားသူကြီး ဦးမွန်မြတ်သူ ကြားနာသည့် ထောင်တွင်းအထူးတရားခွင်၌ တစ်နှစ်နီးပါး အမှုရင်ဆိုင်ခဲ့ရသည်။ ဖေဖော်ဝါရီ ၂၆ တွင် ပုဒ်မ ၅၀၅ – ကနှင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံခဲ့ရသူများဖြစ်သည်။
ကိုလေပြစိုးမိုးသည် ၂၀၂၁ ဇူလိုင် ၂၃ ရက်တွင် အင်းစိန်ထောင်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြစဉ် ပါဝင်၍ ရိုက်နှက်ခံရကာ ဒဏ်ရာများဖြင့် တိုက်ပိတ်ခံခဲ့ရသလို ကိုစစ်နိုင်တို့သည်သည်း အကျဉ်းထောင်အတွင်း ဆန္ဒပြမှုကြောင့် နှိပ်စက်၊ တိုက်ပိတ်ခံရဖူးကြောင်း ကျောင်သားသမဂ္ဂအဖွဲ့များက သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။
၎င်းတို့သည် ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံထားရသူများဖြစ်ပြီး ပြီးခဲ့သည့် အသံတိတ်သပိတ်လှုပ်ရှားမှုနေ့အပါအဝင် အင်းစိန်ထောင်အတွင်းရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်သူများဖြစ်၍ ပစ်မှတ်ထားရိုက်နှက်နှိပ်စက်ခံရသူများဖြစ်သည်ဟု သိရသည်။
ယခုကဲ့သို့ ကျောင်းသားခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများကို နေရာတစ်ကွဲတစ်ပြားစီ ထောင်ပြောင်းရွေ့ခြင်းသည် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်သည်ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုအောင်ကောင်းဆက်က ပြောသည်။
“နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ဓာတ်ရေးရာအရ တမင်ညှဉ်းပန်းနှိပ်စက်တာ ဖြစ်တယ်။ အထူးသဖြင့် ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ ထောင်ထဲမှာ စည်းရုံးရေးလုပ်မှာကို ကြောက်လို့ အခုလို နေရာတွေ ခွဲထုတ်ပစ်လိုက်တာလို့ မြင်တယ်” ဟု ၎င်းက ပြောသည်။
ထောင်ပြောင်းရွေ့ခံရသူများထဲတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ၏ ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး ပါဝင်ခြင်းမရှိသေးဟု သူ၏ မိသားစုဝင်တစ်ဦးက အတည်ပြုသည်။
“သူကတော့ အမှုလက်ကျန်ရှိနေသေးလို့ မပြောင်းသေးတာလို့တော့ ခန့်မှန်းပါတယ်၊ ကျွန်မတို့စုံစမ်းကြည့်တော့လည်း သူမပြောင်းခံရသေးဘူး ရှိနေသေးတယ်” ဟု မိသားစုဝင်က ပြောသည်။
မရမ်းကုန်းမြို့နယ်တရားရုံးတွင် ရင်ဆိုင်နေရသည့် ငြိမ်းစုစီအမှုအတွက် ယနေ့ ဧပြီ ၂၅ တွင် အင်းစိန်ထောင်တွင်းအထူးတရားရုံး၌ ရုံးထုတ်ခဲ့ပြီး ဧပြီ ၂၇ တွင် စီရင်ချက်ချမည်ဟု သိရသည်။
ကိုဝေယံဖြိုးမိုးသည် ပြီးခဲ့သည့်နှစ် မတ်လက စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုကြောင့် ပုဒ်မ ၅၀၅-ကဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသည်။ ထို့ပြင် ၂၀၂၀၌ ရခိုင်ဒေသ အင်တာနက်ပြန်ဖွင့်ပေးရန် ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုဆိုင်ရာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မ ၅၀၅ – ကတို့ဖြင့် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ထောင်ဒဏ် ၂ နှစ် ၁ လ ချမှတ်ခံထားရသည်။
ထိုအမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ်တရားရုံးတွင် အလားတူပုဒ်မနှစ်ခုဖြင့် စွဲဆိုထားသည့် အမှုကိုလည်း ကိုဝေယံဖြိုးမိုး ရင်ဆိုင်နေရဆဲဖြစ်သည်။ ၎င်းသည်လည်း အကျဉ်းထောင်အတွင်း ဆန္ဒပြမှုများကြောင့် နှိပ်စက်၊ တိုက်ပိတ်ခံရဖူးကြောင်း ကျောင်သားသမဂ္ဂများက သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက အမိန့်ချခံရပြီးနောက် အဆောင်ပြောင်းသည်နှင့် ရိုက်နှက်နှိပ်စက်ခံရ၍ လည်ပင်းနှင့် နံရိုး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုပေးရန် တောင်းဆိုသော်လည်း အကျဉ်းထောင်က ခွင့်မပြုကြောင်း မိသားစုဝင်နှင့် ရှေ့နေတို့က ပြောကြားထားသည်။
ထို့ပြင် ၁၉၉၆ မျိုးဆက် ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအေးအောင်က သာယာဝတီထောင်၊ ရန်ကင်းပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂမှ ကိုသုတစိုးက ကျိုက်မရောထောင်သို့ ပြောင်းရွှေခံရသည်ဟု နိုင်ငံရေးအကျဉ်းသားများ၏မိသားစုဝင်များထံမှ သိရကြောင်း ၎င်းက ပြောသည်။
အသက် ၄၅ နှစ်အရွယ် ကိုအေးအောင်ကို ပုဒ်မ ၅၀၅-ကဖြင့် စစ်ကောင်စီက ဒီဇင်ဘာ ၃၀ တွင် ထောင် ၃ နှစ်ချမှတ်ခဲ့သည်။ ကိုသုတစိုးကိုမူ ပုဒ်မ ၅၀၅- ကဖြင့် အခြားကျောင်းသားခေါင်းများနှင့်အတူ ဖေဖော်ဝါရီ ၂၈ က ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံး တာမွေမြို့နယ်တွင် ယမန်နှစ် မတ် ၃ ရက်က ပြုလုပ်သည့် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြစဉ် ဖမ်းခံခဲ့ရခြင်း ဖြစ်သည်။
နယ်ထောင်များကို ပြောင်းရွေ့လိုက်သည့်အတွက် ထောင်ဝင်စာပို့ရသည့် အခက်အခဲ၊ သွားရေးလာရေး စရိတ်ကြီးမြင့်မှုတို့နှင့် ရင်ဆိုင်ရမည်ဟု ကိုဝေယံဖြိုးမိုး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
“အင်းစိန်ထောင်လိုမျိုးထဲတောင် အကြမ်းဖက်မှုတွေ နှိပ်စက်မှုတွေရှိနေချိန် နယ်ထောင်တွေဆိုရင် ဘယ်လောက်ထိ ဘယ်လိုတွေဆိုးနေလဲ မသိနိုင်ဘူး” ဟု ၎င်းက ပြောသည်။
“တစ်ဦးချင်းစီကို တစ်ထောင်စီပြောင်းလိုက်တဲ့အချိန်မှာ ဘယ်သူမှလည်း အဆက်အသွယ်မရတော့သလို သတင်းရဖို့လဲ ခက်ခဲသွားပြီ နယ်ထောင်ထဲ ရောက်သွားပြီး တစ်ခုခုဖြစ်မှာကို အရမ်းစိုးရိမ်တယ်”
စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသူ ၁၇၈၂ ဦး၊ ဖမ်းဆီးခံရသူ ၁၃၃၃၄ ထက်မနည်းရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဧပြီ ၂၂ တွင် ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)