အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်ဆည်တွင် ဒလန်ဟု အမည်ထွက်သည့် အမျိုးသမီး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် စစ်တပ်သတင်းပေးဟု အမည်ထွက်နေသော အမျိုးသမီးတစ်ဦးကို ယနေ့ (ဧပြီ ၂၅) နံနက်က ပစ်ခတ်လုပ်ကြံလိုက်ကြောင်း ကျောက်ဆည်တော်လှန်ရေးပြောက်ကျားအဖွဲ့ (People Revolution Force – Kyaukse) က Myanmar Now ကို ပြောသည်။

အရှေ့ငယ်တိုးကျေးရွာမှ ၄၅ နှစ်အရွယ် ဒေါ်ဇာခြည်ဆွေကို နံနက် ၆ နာရီခန့်က နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရာ နေရာမှာပင် သေဆုံးခဲ့ပြီး ထိုဖြစ်စဉ်ကို မြင်တွေ့ခဲ့သည့် ၎င်း၏ အသက် ၆၀ ကျော်အရွယ်ရှိ ယောက္ခမဖြစ်သူလည်း ထိတ်လန့်ပြီး သေဆုံးခဲ့သည်ဟု ထိုအဖွဲ့ထံမှ သိရသည်။ 

“သူ့ကြောင့် ကျွန်တော်တို့အဖွဲ့ဝင်တွေ အဖမ်းခံရတာတွေလည်းရှိတယ်။ ရွာခံတွေကိုလည်း အနိုင်ကျင့်လွန်းလို့ လုပ်တာပါ။ ပထမတစ်ကြိမ်လုပ်တုန်းက မအောင်မြင်ဘဲ အခု ထပ်လုပ် (ကြံ) မှ အောင်မြင်ခဲ့တာ” ဟု PRFK အဖွဲ့ခေါင်းဆောင် ဗိုလ်ဒေါင်းမြိုင်က ဆိုသည်။

ထိုအမျိုးသမီးသည် စစ်ကောင်စီသတင်းပေးဖြစ်သည်ဆိုသော အချက်နှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒေါ်ဇာခြည်ဆွေသည် စစ်တပ်ကို သတင်းပေးသည့်ပြင် ကျေးရွာဒေသခံများအသုံးပြုသည့် စိုက်ပျိုးရေများ၊ သောက်သုံးရေများ ဖြတ်တောက်ခြင်း၊ မီတာခကဲ့သို့သော အခွန်အခများကောက်ခံခြင်း၊ မီးဖြတ်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိသူဖြစ်ကြောင်း ငယ်တိုးရွာဒေသခံတစ်ဦးကလည်း ပြောသည်။

“သင်္ကြန်ကာလဆို ကျွန်တော်တို့ရွာက ရပ်ဝေးက ဆရာတော်တွေပင့်ပြီး တရားပွဲလုပ်နေကျ၊ ပြီးခဲ့တဲ့ သင်္ကြန်တုန်းက စစ်ကိုင်းက ဆရာတော်တစ်ပါးကို ပင့်ပြီး ဥပုသ်သည်ကို တရားဟောနေတုန်း အဲဒီအမျိုးသမီးက စစ်သားတွေခေါ်ပြီး စစ်လားဆေးလားတွေ လုပ်တာ” ဟု ယင်းဒေသခံက ဆိုသည်။

ဒေါ်ဇာခြည်ဆွေ ပစ်သတ်ခံရပြီး မိနစ်ပိုင်းအကြာတွင် အင်အားအပြည့်ပါ စစ်ကား ၄ စီး ရောက်လာပြီး အလောင်းကောက်သွားသည့်ပြင် ရွာကို ပိတ်ဆို့စစ်ဆေးကြကြောင်း ထိုရွာသားထံမှ သိရသည်။

ထိုအမျိုးသမီးကို စစ်ကောင်စီတပ်က အလေးအနက်ထားပုံရသည်ဟု PRFK အဖွဲ့ခေါင်းဆောင်က ခန့်မှန်းသည်။

“ကျွန်တော်တို့ အရင်က ရှင်းခဲ့တဲ့ ဒလန်တွေဆို စစ်သားရော၊ ရဲရော ဘယ်သူမှ အလောင်းလာမကောက်ဘူး။ ဒီဘွားတော်ကျတော့ ဘယ်လောက်မှ မကြာဘူး၊ ကား ၄ စီးနဲ့ ရောက်လာတာဆိုတော့ သူတို့အတွက် အတော်အရေးပါပုံပဲ” ဟု သူက မှတ်ချက်ပြုသည်။

စစ်ကောင်စီကို လက်နက်ကိုင် ပြန်ခုခံနေသည့် ကျောက်ဆည်နှင့် အနီးဝန်းကျင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF အဖွဲ့များ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.များ)၊ မြို့ပြပြောက်ကျားအဖွဲ့များသည် စစ်ကောင်စီထောက်တိုင်များကို မကြာခဏ တိုက်ခိုက်နေကြသည်။ ကျောက်ဆည်တွင် စစ်ကောင်စီတပ်သားများ ရှိတတ်သော စစ်အာဏာရှင်​ဟောင်း ဦးသန်းရွှေ၏ နေအိမ်ဝန်းကျင်သည်လည်း ၎င်းတို့၏ ပစ်မှတ်ထဲတွင် ပါဝင်နေသည်။

စစ်ကောင်စီဘက်တော်သားတချို့က ဒေါ်ဇာခြည်ဆွေသည် စစ်တပ်ထောက်ခံသူဖြစ်သည်၊ ၎င်းတို့ကလည်း “PDF မိသားစုဝင်များ၊ NLD ခေါင်းဆောင်ပိုင်းများ၊ NUG ၏ မိသားစုဝင်များကို ရှင်းလင်းသွားမည်” ဟု Facebook တွင် ရေးသားနေကြသည်။

ဤဖြစ်ရပ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)​​​​​​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button