သတင်း

CDF ကန်ပက်လက်ကို စစ်ကောင်စီ စစ်ကြောင်းနှစ်ခု ပေါင်း၍ တိုက်ခိုက်

ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့နှင့် မကွေးတိုင်း၊ ဆောမြို့နယ်ကြားတွင် စစ်ကောင်စီတပ်နှင့် ယမန်နေ့ (ဧပြီ ၂၁) မွန်းလွဲပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်၊ ကျဆုံးမှုများရှိနေသည်ဟု ချင်းဒေသကာကွယ်ရေး (CDF) ကန်ပက်လက်က ဆိုသည်။

ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဆောမြို့နယ်မှ ကန်ပက်လက်မြို့သို့ တက်လာသည့် အင်အား ၆၀ ကျော်ပါ စစ်ကြောင်းနှင့် ကန်ပက်လက်မှ ဆင်းလာသည့် အင်အား ၈၀ ပါ စစ်ကြောင်းတို့ကို CDF ကန်ပက်လက် ရင်ဆိုင်နေရသည်။  

နှစ်ဖက်စလုံး အထိအခိုက်များရှိနေသည်ဟု CDF ကန်ပက်လက်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ယနေ့ ပြောသည်။

“တိုက်ပွဲက ပြင်းထန်ဦးမယ့်သဘောရှိတယ်။ အထိအခိုက်အားလုံးကို လောလောဆယ် အတည်ပြုလို့ မရသေးဘူး” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ယမန်နေ့ ညနေ ၃ နာရီမှ မိုးချုပ်သည်အထိ ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများ အသုံးပြုခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။

တိုက်ပွဲကြောင့် ဆော-ကန်ပက်လက်လမ်းကြောင်းကို ဒေသခံများအသုံးမပြုရန် CDF ကန်ပက်လက်အဖွဲ့က တားမြစ်ထားပြီး ကန်ပလက်မြို့တွင်းမှာမူ ငြိမ်သက်နေသည်ဟု CDF ထံမှ သိရသည်။

ယနေ့နံနက်တွင်လည်း အဆိုပါနေရာတွင်ပင် တိုက်ပွဲဆက်ဖြစ်နေသည်ဆိုသည့် သတင်းများရရှိထားပြီး အသေးစိတ်အခြေအနေများကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

“ဆောက တက်လာတဲ့စစ်ကြောင်းလည်း မဆုတ်ဘူး၊ ကန်ပက်လက်က စစ်ကြောင်းကလည်း မဆုတ်ဘူးဆိုတော့ တိုက်ပွဲက ဆက်ဖြစ်ဦးမှာပဲ။ သူတို့ (စစ်ကောင်စီ) လည်း ကင်းပုန်းဝပ်ပြီး စောင့်နေတယ်၊ ကျွန်တော်တို့ဘက်မှာလည်း အဲဒီလိုပဲ” ဟု CDF-ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဖေဖော်ဝါရီလဆန်းမှစ၍ ကန်ပက်လက်မြို့သို့ အင်အားဖြည့်တင်းလာသော တပ်မ ၅၅ လက်အောက်ခံတပ်များကို CDF ကန်ပက်လက်အဖွဲ့က လိုက်လံတိုက်ခိုက်ခဲ့သည်။

အဆိုပါတပ်များ ကန်ပက်လက်မြို့အတွင်း ရောက်ရှိပြီးနောက် မတ် ၁၅ ရက်မှ စတင်ပြီး ကန်ပက်လက်မြို့မြောက်ဘက်တွင် ရှိသည့် CDF ကန်ပက်လက်အဖွဲ့၏ ဌာနချုပ်ကို အင်အား ၂၀၀ ခန့်ရှိ တပ်မ ၅၅ လက်အောက်ခံ စစ်ကောင်စီတပ် က သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့နောက် အဆိုပါ စစ်ကြောင်းမှာ မင်းတပ်မြို့နယ်ဘက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးသွားခဲ့သည့်အတွက် ကြားထဲတွင် တိုက်ပွဲများငြိမ်သက်နေခဲ့သည်။

အဆိုပါတိုက်ပွဲများကြောင့် ဌာနချုပ်အနီးအနားရှိ စမ္မသားရွာနှင့် အခြားရွာများ စစ်ဘေးရှောင်ခဲ့ရသည်။ ကန်ပက်လက် ရွာပေါင်း ၁၂ ရွာမှ ဒေသခံ ၆၀၀၀ ကျော် စစ်ရှောင်နေရသည်။

ထို့ကြောင့် ဌာနချုပ် ကျသွားပြီးနောက် အနီးအနားဝန်းကျင်များသို့ တိမ်းရှောင်နေရသည့် CDF ကန်ပက်လက်အဖွဲ့ဝင်များကို စစ်ကောင်စီတပ်က တောနင်းရှာဖွေခဲ့ပြီး လက်ရှိတွင် စစ်ကြောင်း ၂ ကြောင်းနှင့် အပြင်းအထန်တိုက်ခိုက်နေခြင်း ဖြစ်သည်။ 

ထို့ပြင် တပ်မ ၉၉ လက်အောက်ခံတပ်များနှင့် အခြားတပ်အချို့က အင်အား ၃၀၀ ခန့်ဖြင့် ကန်ပက်လက်မြို့ပေါ်ရှိ စာသင်ကျောင်း၊ ရဲစခန်းနှင့် မြို့နယ်ပညာရေးမှူးရုံးများတွင် ဆက်လက်တပ်စွဲထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button