သတင်း

မတူပီမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၈ ဦး သေဟု CDF ပြော

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်တွင် ယမန်နေ့ (ဧပြီ ၂၀ ရက်) နံနက်က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၈ ဦး သေဆုံးကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) မတူပီက ပြောသည်။

နံနက် ၁၀ နာရီခွဲခန့်က ခြေမြန်တပ်ရင်း ၃၀၄ နှင့် မိုင်အနည်းငယ်သာကွာဝေးသည့် မင်းတပ်-မတူပီလမ်းပေါ်ရှိ လည်မျိုချောင်းဆုံဒေသတွင် အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ရင်ဆိုင်ခဲ့ရသည်ဟု CDF မတူပီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုနွေဦးလင်းက ပြောသည်။

“သူတို့က (စစ်ကောင်စီ) နယ်မြေရှင်းလင်းရေးပုံစံနဲ့ အင်အားတွေက တောက်လျှောက်ဖြန့်ကြက်နေတာရှိတော့ မနေ့က ခမရ ၃၀၄ ရဲ့ အောက်ဘက် နယ်မြေချောင်းဆုံလို့ခေါ်တဲ့နေရာကို ဆင်းလာတယ်၊ ကျွန်တော်တို့ကလည်း အဲဒီဘက်မှာ လုံခြုံရေးက အသင့်ရှိနေတော့ ထိပ်တိုက်တွေ့ပြီးမှ တိုက်ပွဲဖြစ်တယ်” ဟု ဆိုသည်။

“ထိပ်တိုက်တွေ့တာဖြစ်တဲ့အတွက် ပစ်ခတ်မှုတွေဖြစ်တယ်၊ ပြီးတော့ ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့ နယ်မြေတစ်လျှောက်မှာ လုံခြုံရေးအစီအစဉ်အရ မိုင်းတွေခင်းထားတာလည်းရှိတယ်၊ ကျွန်တော်တို့ဘက်က လက်နက်ခဲယမ်းအရ အပြည့်အဝသုံးလိုက်တော့ နှစ်ခုလုံးနဲ့ သူတို့ ထိခိုက်မှုရှိတယ်” 

မိနစ် ၃၀ ခန့်အကြာတွင် CDF မတူပီတပ်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့သည့်အတွက် တိုက်ပွဲပြီးဆုံးခဲ့သည်ဟု သိရသည်။

တိုက်ပွဲထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း တိုက်ပွဲထိခိုက်ကျဆုံးမှုအကြောင်း သတင်းထုတ်ပြန်လေ့မရှိပေ။

ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ရေးအရ ဗျူဟာကျသည့်မြို့နယ်တစ်ခုဖြစ်သည့် မတူပီမြို့တွင် ခမရ ၃၀၄၊ ခလရ ၁၄၀ နှင့် စစ်ဗျူဟာတစ်ခုလည်းရှိနေကာ ဧပြီလဆန်းပိုင်းကလည်း စစ်ကားအစီး ၈၀ ကျော်ပါသည့် ယာဉ်တန်းက စစ်သည်နှင့် ခဲယမ်း၊ ရိက္ခာများကို လာရောက်ပို့ဆောင်ထားသည်။

ယမန်နေ့က တိုက်ပွဲဖြစ်ပွားသည့် ဒေသတစ်ဝိုက်ကို စစ်ကောင်စီတပ်က အင်အားဆက်လက်ဖြည့်တင်းထားသဖြင့် အင်အား ၂၀၀ ဝန်းကျင်ခန့် ရှိနေပြီး အချိန်မရွေး တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်သည်ဟု ကိုနွေဦးလင်းက ပြောသည်။

“ထိတွေ့မှုတော့မရှိသေးဘူး၊ ဒါပေမဲ့ အချိန်မရွေးတိုက်ပွဲက ပြင်းထန်လာနိုင်တဲ့ အနေအထားတော့ ရှိတယ်။ သူတင်ကိုယ်တင်နဲ့ စစ်ရေးပြင်ဆင်မှုကတော့ တင်းမာနေတယ်” ဟု သူက ဆိုသည်။

စစ်ကောင်စီတပ်၏ အင်အားဖြည့်တင်းထားမှုကြောင့် ယခင်ရှိပြီးသားတပ်များနှင့် ထပ်မံရောက်ရှိလာသည့် တပ်အင်အားများပါ ပေါင်းလျှင် မတူပီမြို့တွင် စစ်ကောင်စီအင်အား ၁၁၀၀ ဝန်းကျင်ခန့်ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါတပ်များထဲမှ အင်အား ၃၀၀ ခန့်ဖြင့် မင်းတပ်-ပလက်ဝလမ်းပိုင်းတွင်ရှိသည့် ထယ်ဘွေးစစ်ကောင်စီစခန်းကို ခဲယမ်း၊ ရိက္ခာနှင့် စစ်သည်အချို့ကို ဧပြီ ၉ ရက်တွင် သွားရောက်ပို့ဆောင်ခဲ့ပြီး ပြီးခဲ့သည့် ရက်အနည်းငယ်က မတူပီမြို့သို့ ပြန်လာရာ လမ်းခုလတ်တွင် ရောက်နေသည်ဟု သိရသည်။

စစ်ကားအစီး ၈၀ ပါ ယာဉ်တန်းလာရောက်စဉ်ကလည်း မင်းတပ်နှင့် မတူပီ CDF များဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၆၀ ကျော်သေဆုံးခဲ့ပြီး နာရီအနည်းငယ်သာသွားရသည့် မိုင် ၁၀၀ ခရီးကို စစ်ကောင်စီတပ်က နှစ်ပႏတ်နီးပါးကြာအောင် အချိန်ယူခဲ့ရသည်။

ခရီးစဉ်အတွင်း အထိနာသွားသည့် စစ်ကောင်စီတပ်က မင်းတပ်-မတူပီလမ်းတစ်လျှောက်ရှိ ကျေးရွာအချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကိုပင် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အတွက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးများပေါ်ပေါက်လာရာတွင် ချင်းပြည်နယ်ရှိ မြို့နယ်များကလည်း အားကောင်းခဲ့သည်။

ဝါရင့်ချင်းလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) ထံမှ စစ်ပညာသင်ယူကာ တိုက်ခိုက်ကြသူများရှိသလို ကိုယ့်အားကိုယ်ကိုးကာ ရိုးရာတူမီးသေနတ်များဖြင့် စတင်တိုက်ခိုက်ကြသူများလည်း ရှိခဲ့သည်။

လက်နက်ကိုင် ခုခံတော်လှန်မှုများကြောင့် စစ်ကောင်စီတပ်က ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်၊ မတူပီ၊ ကန်ပက်လက် စသည့် မြို့နယ်များကို စစ်သည်အင်အား ထောင်နှင့်ချီ ပို့ကာ ထိန်းချုပ်ရန် အသည်းအသန်ကြိုးစားနေသော်လည်း CDF အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အထိနာလျက်ရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button