သတင်း

ဘီးလင်းရှိ စစ်စခန်း ၂ ခု ၃ ရက်အတွင်း ဆုတ်ခွာရန် KNDO ရာဇသံပေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စစ်ကောင်စီတပ်စခန်းနှစ်ခု ၃ ရက်အတွင်း မဆုတ်ခွာလျှင် စစ်ရေးအရ ပြင်းထန်စွာ အရေးယူမည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း ၂ က ယနေ့ (ဧပြီ ၂၀) တွင် ရာဇသံပေးလိုက်သည်။

လေးကေ၊ ဝင်းတာပန်ရွာရှိ ထိုစခန်းများသည် သထုံ၊ ကျိုက်ထို၊ ဘီးလင်း၊ ဘားအံတို့ကို စုပေါင်း၍ KNU တပ်မဟာ ၁ အဖြစ် သတ်မှတ်ထားသည့် နယ်မြေအတွင်း အကျုံးဝင်သည်။

ယခုထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်ပြီး KNDO ထံမှ သီးခြားမှတ်ချက်မရသေးပေ။ နိုင်ငံအနှံ့ ဖမ်းဆီး၊ ညှဉ်းပန်း၊ သတ်ဖြတ်၊ မုဒိန်းကျင့်၊ အိုးအိမ်များမီးရှို့နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များ ထိုနယ်မြေအတွင်း မပေါ်ပေါက်စေရန် ရည်ရွယ်သည်ဟု KNDO ၏ ထုတ်ပြန်ချက်တွင် ရေးထားသည်။

KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကမူ ယခုခြေလှမ်းသည် စစ်အာဏာရှင်ဖြုတ်ချရေး ရည်မှန်းချက်အတွက် လက်တွေ့ကျကျအကောင်အထည်ဖော်မှုတစ်ခုသာ ဖြစ်သည်ဟု ပြောသည်။

“စစ်အာဏာရှင်စနစ်ကျဆုံး​ရေးအတွက် သံတမန်​​ရေး၊ နိုင်ငံ​ရေး၊ အုပ်ချုပ်​ရေး၊ စီးပွား​ရေးပိတ်ဆို့မှုနဲ့ စစ်​ရေးအရ​ရော မျက်နှာစာအသီးသီးမှာ စစ်မျက်နှာဖွင့်ပြီးတိုက်ရတာ” ဟု ပဒိုစောတောနီးက ပြောသည်။

ပဲခူးတိုင်းမှ မွန်၊ ကရင်၊ တနင်္သာရီတိုင်းအထိ နယ်မြေအများအပြားကို တောင်ငူ၊ ညောင်လေးပင်၊ ဖာပွန်၊ ဘားအံ၊ သထုံ၊ ဒူပလာယာ၊ ထားဝယ်ဟူ၍ ခရိုင် ၇ ခုခွဲထားသည့် KNU ထိန်းချုပ်ရာ ဒေသများအတွင်း ထိုသို့ ထပ်မံလုပ်ဆောင်ရန်ရှိမရှိကိုမူ KNU ဘက်က ထုတ်မပြောပေ။

ယခင်က KNU ထိန်းချုပ်ရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လေးကေ့ကော်နှင့် အခြားဒေသများတွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်များ ပြန်ဆုတ်ရန် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း မလိုက်နာ၍ ယခုကဲ့သို့ တိကျသည့် ရာဇသံကို စတင်ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ပဒိုစောတောနီးက ရှင်းပြသည်။

“အပစ်အခတ်ရပ်စဲ​ရေး​တွေ တကယ်လုပ်ချင်ရင် ​ရှေ့တန်းတပ်စခန်း​တွေ ဆုတ်ခိုင်းတာမျိုး ​တောင်းဆိုတာတော့ ရှိခဲ့ပါတယ်ခင်ဗျ” ဟု ၎င်းက ဆိုသည်။ 

“အခုကိစ္စမျိုးကတော့ အဲဒါ​တွေနဲ့ မတူဘူး​ပေါ့ဗျာ”

KNDO က စစ်ကောင်စီကို စခန်းစွန့်ခိုင်းသည့် လေးကေ၊ ဝင်းတာပန်ရွာများသည် ၈ မိုင်ခန့်သာ ကွာဝေးပြီး ကရင်ပြည်နယ်၊ ဘားအံခရိုင်နှင့် ဆက်စပ်သည့် နယ်နိမိတ်တွင်ရှိကာ တောတောင်ထူထပ်သည်။

KNDO ရာဇသံနှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ထွက်မလာသေးပေ။

စခန်းနှစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ထွက်ခွာမည့်လမ်းကြောင်းနှင့် အချိန်ကို ကြိုတင်ညှိနှိုင်းရန်၊ ပူးပေါင်းမည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ရှိပါကလည်း သတ်မှတ်ရက်မတိုင်ခင် ဆက်သွယ်ရန် KNDO ၏ ထုတ်ပြန်ချက်တွင် တစ်ပါတည်း အသိပေးထားသည်။

အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးပြီးဖြစ်သည့် KNU က စစ်တပ်၏ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုကို လူသိရှင်ကြားကန့်ကွက်ပြီးနောက် စစ်ကောင်စီနှင့် တိုက်ပွဲများဆက်နေသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း KNU က တပ်မဟာ ၁၊ ၅၊ ၆ အဖြစ် သတ်မှတ်ထားသည့် မွန်ပြည်နယ် သထုံ၊ ကရင်ပြည်နယ် ဖာပွန်၊ မြဝတီမြို့ ပါဝင်သည့် ဒူပလာယာခရိုင်များအတွင်း တိုက်ပွဲများ ပြင်းထန်နေကာ စစ်ကောင်စီက လေကြောင်းမှပင် ဗုံးကြဲတိုက်ခိုက်နေသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ဘလယ်ဒိုရွာအနီး မတ် ၂၇ ရက်တိုက်ပွဲတွင် သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ရရှိသည့် လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – Cobra Column

ထိုအတောအတွင်း စစ်ကောင်စီဘက်မှ လက်နက်၊ ရိက္ခာ များစွာထား၍ စခန်းစွန့်ပြေးရသည့် မော်ခီးတိုက်ပွဲကဲ့သို့ ဖြစ်စဉ်များ ရင်ဆိုင်နေရပြီး အကျအဆုံးနှင့် ဘက်ပြောင်းခိုလှုံသူများပြားကာ ဒုတိယဗိုလ်မှူးကြီး ၃ ဦးထက်မနည်း လာရောက်ပူးပေါင်းသည်ဟု KNU ဘက်က ပြောထားသည်။

ယမန်နေ့ (ဧပြီ ၂၀) ကလည်း တပ်မဟာ (၁) နယ်မြေ သထုံခရိုင် ဘားအံမြို့နယ် ဘားအံ-သထုံ ကားလမ်းပေါ်ရှိ ဝါးဘိုးတောစစ်ဆေးရေးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဝင်ရောက်တိုက်ခိုက်ရာ ရဲ ၆ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု KNU က အတည်ပြုသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြလျှင်ပင် ပစ်သတ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ ဝါရင့်တော်လှန်ရေးအဖွဲ့များရှိသည့် ကရင်၊ ကချင်၊ ချင်း၊ ကယားပြည်နယ်များတွင် တိုက်ပွဲများ ပို၍ ဖြစ်ပွားနေသည်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲများတွင် KNLA, KNDO, တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်ဖွဲ့ (DKBA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF အဖွဲ့အချို့ ပူးပေါင်း၍ စစ်ကောင်စီကို ခုခံနေကြသည်။

လတ်တလောတွင် ကရင်ပြည်နယ် ကော့ကရိတ်၊ မြဝတီမြို့နယ်များအတွင်း တိုက်ပွဲတချို့ ရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button