အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကရင်ဒေသတိုက်ပွဲများအတွင်း စစ်ကောင်စီ အထိနာဟု KNU ပြော

ကရင်အမျိုးသားအစည်းအရုံး (KNU) က ၎င်း၏ တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း ဖြစ်ပွားသည့် ၁၅ ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၈၀ ကျော် သေဆုံးကြောင်း ယမန်နေ့ (ဧပြီ ၁၈) တွင် ထုတ်ပြန်သည်။

ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲအများဆုံးဖြစ်ပွားပြီး စစ်တပ်နှင့် နယ်ခြားစောင့်တပ် (BGF) တို့၏ ထိုးစစ်ဆင်မှုကို ၎င်းတို့၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တို့က ခုခံနိုင်ခဲ့သည်ဟု KNU က ဆိုသည်။

KNU တပ်မဟာ (၆) နယ်မြေအတွင်း ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဝင်းရေးမြို့နယ် (မွန်ပြည်နယ် ရေးမြို့နယ်) တို့ ပါဝင်သည်။

ဧပြီလဆန်းမှစ၍ တိုက်ပွဲပေါင်း ၅၅ ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၈၇ ဦး သေဆုံး၊ ၄၅ ဦးဒဏ်ရာရကာ ၎င်းတို့ဘက်မှ ၁၂ ဦး သေဆုံး၊ ၁၇ ဦးဒဏ်ရာရခဲ့သည်ဟု ထိုထုတ်ပြန်ချက်အရ သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“(စစ်ကောင်စီဘက်က) တစ်ယောက်စ နှစ်ယောက်စကတော့ တောက်လျှောက်သေနေတာ။ ဧပြီလ ၁၀ ရက်နေ့မှာဖြစ်ခဲ့တဲ့ စစ်ပွဲကလည်း တော်တော်ကြမ်းခဲ့တယ်။ စစ်ကြောင်းတစ်ကြောင်းလုံး ပျောက်သွားပြီး ဗိုလ်ကြီးတစ်ယောက်လည်း အရှင်ဖမ်းမိတယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

“အဲဒီလိုဖြစ်နေတဲ့အနေအထားမှာ ၇၀၊ ၈၀ လောက်ကတော့ ဘယ်လိုမှ ပြေးမလွတ်ဘူးဗျ”  

အထိနာသည့် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ အဆက်မပြတ်ပြုလုပ်နေရာ ဧပြီလ ရက်သတ္တပတ်နှစ်ပတ်အတွင်း ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ ၄ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရခဲ့သည်ဟု KNU က ဆိုသည်။

ထို့ပြင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ဒေါနတောင်တန်းအရှေ့ဘက်နှင့် အနောက်ဘက်တစ်လျှောက်တွင် စစ်ကောင်စီဘက်က လူအင်အား၊ ခဲယမ်း၊ ရိက္ခာများပို့ဆောင်နေသဖြင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်နေရသည်ဟု ပဒိုစောတောနီးက ပြောသည်။

သုံးရေ၊ သောက်ရေအဖြစ် အသုံးပြုနေသည့် ချောင်းကို KNLA တပ်များက ပိတ်ဆို့ထားခဲ့ရာ ၃ ရက်အတွင်း ပြန်မဖွင့်ပေးပါက အနီးအနားရှိရွာများ ပျက်စီးမည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ကွီလုံတိုင်စခန်းရှိ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (၅၆၁) က ဧပြီ ၁၇ တွင် စာပေးပို့ ခြိမ်းခြောက်ခဲ့သေးသည်။

ပိတ်ဆို့ထားသည့် KNLA တပ်များက အဆိုပါ ချောင်းအား ပြန်လည်ဖွင့်ပေး၊ မပေးကိုမူ အတည်ပြုမပေးနိုင်သေးဟု ပဒိုစောတောနီးက ဆိုသည်။

“စစ်တိုက်တယ်ဆိုတာက စစ်တိုက်တာနဲ့တူအောင် လုပ်ရမှာလေ၊ ကိုယ့်မှာ အခက်အခဲတွေ့လာပြီဆိုတာနဲ့ ရွာသားတွေပြန်ပြီးရန်ရှာတာတို့၊ ထုတာထောင်းတာတို့၊ အကျပ်ကိုင်တာတို့ ဒီလိုလုပ်ရပ်မျိုးတွေက မလုပ်သင့်ဘူးလို့ ကျွန်တော်ပြောချင်တယ်” ဟု ပဒိုစောတောနီးက ပြောသည်။

ယနေ့ (ဧပြီ ၁၉) ရက်မနက်တွင်လည်း မြဝတီမြို့နယ်၊ လေးကေ့ကော်နှင့် ဘားအံမြို့နယ်အတွင်း တိုက်ခိုက်မှုများဖြစ်ပွားနေရာ ၎င်းတို့၏ လက်နက်ကြီးကြောင့် စစ်တပ်ဘက်မှ ၅ ဦး သေသည်ပြီးနောက် စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်ဝဲနေသည်ဟု KNLA ပူးပေါင်းတပ်၊ Cobra Column က သတင်းထုတ်ပြန်သည်။

အထက်ပါ တိုက်ပွဲများအတွင်း အရပ်သားနှင့် နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုအခြေအနေများကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီထံ မေး၍မရသေးပါ။

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ၂၀၂၁ ဖေဖော်ဝါရီတွင် ဖြုတ်ချသည့် စစ်တပ်၏ လုပ်ရပ်ကို ရှုတ်ချကာ အာဏာရှင်စနစ် အမြစ်ဖြတ်မည်ဟု KNU က လူသိရှင်ကြားပြောထားသည်။

စစ်ကောင်စီကလည်း အပစ်ရပ်လက်မှတ် (NCA) ထိုးပြီးအဖွဲ့ KNLA/ KNU ထိန်းချုပ်ရာ နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်နေသည်။

ယမန်နှစ် ဒီဇင်ဘာမှစ၍ NCA အရ နှစ်ဖက်သဘောတူညီမှုဖြင့် ငြိမ်းချမ်းရေးသင်္ကေတအဖြစ် ထူထောင်ထားသည့် ထိုင်းနယ်စပ်ရှိ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများသုံး၍ တိုက်ပွဲဆင်သည့် ဖြစ်စဉ်များမှာ ထင်ရှားသည်။

KNU ကလည်း မြဝတီမြို့နယ် မော်ခီးရွာ၌ စစ်တပ်က မဆုတ်တမ်းစခန်းအဖြစ် သတ်မှတ်ထားသည့် စခန်းကို မတ် ၂၁ ရက်က ဝင်ရောက်တိုက်ခိုက်ရာ လက်နက်အများအပြား သိမ်းဆည်းနိုင်သည်အထိ စစ်ကောင်စီကို အထိနာစေခဲ့သည်။

လက်ရှိအခြေအနေ၌ ၎င်းတို့၏ နယ်မြေအားလုံးနီးပါးတွင် စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားနေပြီး တပ်မဟာ (၅) နှင့် (၆) နယ်မြေများတွင် တိုက်ပွဲများ ပိုမိုပြင်းထန်နေသည်ဟု KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးထံမှ သိရသည်။

ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးခဲ့သည့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်း၊ မကွေး၊ မန္တလေးကဲ့သို့သော ဒေသများပင် တက်ကြွစွာပါဝင်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles