မကွေးတိုင်းအနောက်ပိုင်း ချင်းပြည်နယ်အစပ်ရှိ ကျောက်ထုမြို့နယ်တွင် စစ်ကောင်စီတပ်၏ အမြောက်တပ်၊ လေတပ်စခန်းနှင့် ရဲစခန်းတို့ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်း၍ တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကျောက်ထုမြို့နယ်ရှိ အမြောက်တပ်နှင့် လေတပ်စခန်းကို သင်္ကြန်အတက်နေ့ဖြစ်သော ဧပြီ ၁၆ တွင် လက်လုပ်လက်နက်ကြီးများဖြင့် ၁၀ ချက်၊ ရဲစခန်းကို အချက်ပေါင်း ၂၀ ကျော် ပစ်ခတ်ခဲ့သည်ဟု ကျောက်ထု PDF မှ တပ်ရင်းမှူးတစ်ဦးဖြစ်သူ ဗိုလ်ဝေလက ပြောသည်။
ထိုတိုက်ခိုက်မှုကို ယောဒေသရှိ ဆောမြို့နယ်နှင့် ကျောက်ထုမှ The Youth Force အမည်ရ လူငယ်များ ဦးဆောင်ဖွဲ့စည်းထားသည့် ပြောက်ကျားအဖွဲ့နှင့် ရဲစခန်းကို တိုက်ခိုက်စဉ် လက်နက်ငယ်များဖြင့် တစ်နာရီခန့် အပြန်အလှန်ပစ်ခတ်ပြီး ဆုတ်ခွာခဲ့သည်ဟု ၎င်းက ဆိုသည်။
“ရဲစခန်းပစ်ခတ်မှုမှာတော့ (စစ်ကောင်စီတပ်ဘက်က) အထိအခိုက်အကျအဆုံး များနိုင်တယ်ဗျ။ ကျွန်တော်တို့ဘက်ကတော့ တစ်ယောက်ပဲ ထိတယ်” ဟု ဗိုလ်ဝေလက ပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကျောက်ထု-PDF မှ ရဲဘော်တစ်ဦး လက်မောင်းတွင် ဒဏ်ရာရသည်ဟု သိရသည်။
ညအချိန်တွင် ပစ်ခတ်ပြီး ပြန်လည်ဆုတ်ခွာခဲ့ခြင်းဖြစ်ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှုအခြေအနေ အသေးစိတ်မသိရကြောင်း ကျောက်ထု-PDF က ဆိုသည်။
“ကျွန်တော်တို့တွေ ပြန်ဆုတ်နေတဲ့အချိန်ကျတော့ ရဟတ်ယာဉ်တစ်စီး လာဝဲသေးတယ်။ ပစ်တော့ မပစ်သွားဘူးဗျ၊ လာဝဲတဲ့အချိန်မှာ ကျွန်တော်တို့က ပြန်ဆုတ်နေပြီ၊ လေယာဉ်လာတာ နောက်ကျသွားတာပေါ့” ဟု ဗိုလ်ဝေလက ပြောသည်။
သင်္ကြန်ကာလအတွင်း စစ်ကောင်စီအမြောက်တပ်က မြို့အနီးဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် အချက် ၂၀ ကျော် ရမ်းသန်းပစ်ခတ်သည်ကို လက်တုံ့ပြန်သောအားဖြင့် ထိုသို့တိုက်ခိုက်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
တိုက်ခိုက်ခံရပြီး နောက်တစ်ရက်ဖြစ်သော ဧပြီ ၁၇ တွင် စစ်ကောင်စီ အမြောက်တပ်၊ လေတပ်စခန်းနှင့် ရဲစခန်းမှ စစ်သည်များ မြို့တွင်းသို့ ကင်းလှည့်စစ်ဆေးရန် ထွက်လာခြင်းမရှိဘဲ ငြိမ်သက်နေသည်ဟု သိရသည်။
တိုက်ခိုက်မှုဖြစ်သည့်နေ့က လက်နက်ကြီးသံများကြားရပြီးနောက် တစ်နာရီခန့်အကြာတွင် ရဟတ်ယာဉ်တစ်စီး မြို့ပေါ်တွင် ပျံဝဲနေသည်ကို မြင်ရကြောင်း ကျောက်ထုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“တိုက်တဲ့အချိန်မှာ အိပ်နေကြတာဗျ၊ လက်နက်ကြီးသံတွေကြားတော့ ဘယ်သူမှ ဆက်မအိပ်ရဲတော့ဘူး၊ ထထိုင်နေကြတာ။ စစ်ကောင်စီတပ်ကလည်း ထိတော့ထိကြတယ် ကြားတယ် သေချာတော့မသိဘူး” ဟု ထိုအမျိုးသားက ဆိုသည်။
ချင်း-မကွေးနယ်စပ်မြို့ဖြစ်သည့် ကျောက်ထုမြို့သည် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်နှင့် စစ်ကောင်စီတပ်အတွက် ဗျူဟာကျသည့် မတူပီမြို့သို့ စစ်အင်အားနှင့် လက်နက်၊ ခဲယမ်းများ ပို့ဆောင်ရာတွင် မဖြစ်မနေဖြတ်သန်းရသည့် မြို့ဖြစ်သည်။
ပြီးခဲ့သည့် မတ်လက မတူပီမြို့သို့ စစ်ကောင်စီတပ်က စစ်ကား အစီး ၈၀ ကျော်ဖြင့် စစ်သည်၊ လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများပို့ဆောင်ရာတွင် ကျောက်ထုမြို့တွင် ရက်အနည်းငယ် ရပ်နား၊ ပြင်ဆင်ခဲ့ပြီးမှ ချင်းပြည်နယ်သို့ ဆက်လက်ထွက်ခွာသွားသည်။
ထိုသို့ စစ်ကောင်စီ၏ အင်အားဖြည့်တင်းရန် သွားသော စစ်ကောင်စီယာဉ်တန်းများကို ဒေသခံ PDF အဖွဲ့ များက မကြာခဏ ကြားဖြတ်တိုက်ခိုက်လေ့ရှိသည်။ တောတောင်ထူထပ်ပြီး တောင်တက်တောင်ဆင်းပေါများသော ထိုဒေသတွင် စစ်ကောင်စီတပ်အနေဖြင့် ထင်တိုင်းမပေါက်ဘဲ ခရီးစဉ်ကြန့်ကြာတတ်သည်။
ကျောက်ထုမြို့နယ်အတွင်း စစ်စခန်းများ တစ်ပြိုင်နက်တိုက်ခိုက်ခံရခြင်းအပေါ် စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)