မကွေးတိုင်း ပေါက်မြို့နယ်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် လက်နက်ကုန်ကြမ်းများ ကားအစီးလိုက်ဆုံးရှုံးပြီးနောက် စစ်တပ်က ကျေးရွာ ၁၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးနှင့် PDF အဖွဲ့ဝင်ထံမှ သိရသည်။
ယခုလ ၆ ရက်က သရက်မြို့နယ်ရှိ အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ-၁၂) မှ ပေါက်မြို့နယ်ရှိ ကပစ-၂၄ သို့ စစ်လက်နက်ထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်းများ ပို့ဆောင်စဉ် ဒေသခံ PDF အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဆိတ်ဖြူ – ပေါက်လမ်းပိုင်း ကြားဖြတ်တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီဘက်မှ တွဲကားသုံးစီးဖြင့် တင်ဆောင်လာသော ဗုံးသီးနှင့် အခြားလက်နက်ထုတ်လုပ်ရန် ကုန်ကြမ်းများ ဆုံးရှုံးခဲ့သည့်နည်းတူ ဗိုလ်ကြီးအဆင့်အရာရှိတစ်ဦး အပါအဝင် စစ်သား ၇ ဦး ဖမ်းဆီးခံခဲ့ရသည်။
စစ်ကောင်စီက ဧပြီ ၇ ရက်တွင် တိုက်လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့သည့်ပြင် နယ်မြေရှင်းလင်းရေးစစ်ကြောင်းများဖြင့် ဆိတ်ဖြူ၊ ပခုက္ကူနှင့် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ပေါက်မြို့နယ် PDF တပ်ဖွဲ့ဝင် ဗိုလ်စွန်ရဲဆိုသူက Myanmar Now ကို ယနေ့ ပြောသည်။
စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးနေဆဲဖြစ်ကာ တိုက်ပွဲများဆက်ဖြစ်နေသည်ဟုလည်း ၎င်းက ပြောသည်။
“ဒေသခံတွေကတော့ အကုန်လုံးပဲ ရှောင်တိမ်းနေရတာပေါ့၊ အခု ပေါက်တောင်ပိုင်းမှာ မရှို့သေးတာဆိုလို့ နှစ်ရွာသုံးရွာပဲ ရှိတယ်။ ကျန်တဲ့ရွာတွေက အကုန်လုံး ကုန်သလောက်ဖြစ်နေပြီ လိုက်ရှို့ထားတာ” ဟု ဗိုလ်စွန်ရဲက ပြောသည်။
ဧပြီ ၇ တွင် ပေါက်မြို့နယ်မှ ရေကျော်၊ ကျောင်းကုန်းကျေးရွာများအပြင် ပခုက္ကူမြို့နယ်မှ အိမ်ခြေ ၄၃၀ ခန့်ရှိသည့် မြစ်ဖျားရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ပခုက္ကူဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
မြစ်ဖျားရွာတွင် နေအိမ် ၁၀၆ လုံး မီးလောင်ပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု ဆိုသည်။
ထိုနေ့တွင် မြစ်ဖျားရွာမှ ဒေသခံတစ်ဦး၊ ဂဝံလေးတိုင်ရွာမှ တစ်ဦးနှင့် စညောင်းရွာမှ သုံးဦး စစ်တပ်၏ သတ်ဖြတ်ခြင်းခံရသည်ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။
ဧပြီ ၇ နောက်ပိုင်းရက်များတွင် ပုသိမ်-မုံရွာကားလမ်းအနောက်ဘက်ရှိ ပေါက်မြို့နယ်တောင်ပိုင်း ကျေးရွာများကို ပစ်မှတ်ထားကာ မီးရှို့ဖျက်ဆီးနေသည်ဟု ပေါက် PDF ထံမှ သိရသည်။
ပေါက်တောင်ပိုင်းကျေးရွာများဖြစ်သည့် ဒိန်းကွင်း၊ ကျောက်အိုးကုန်း၊ ဘို့မယ်၊ တောင်ဘက်၊ အင်းငယ် ဒေါင့်၊ တောင်ချို့ စသည့် ကျေးရွာများကို ယမန်နေ့တွင် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့ နံနက်တွင်လည်း ဘို့မယ်ကျေးရွာ ထပ်မံမီးရှို့ခံရသည်ဟု ဗိုလ်စွန်ရဲက ပြောသည်။
“သုံးပုံ တစ်ပုံလောက်ပဲကျန်တယ်၊ နှစ်ပုံလောက်က အရှို့ခံထားရတာကို၊ ဒီနေ့ မနက်လည်း ဆက်ရှို့နေတယ်လို့ ကြားတယ်”
ယမန်နေ့၌ပင် နယ်နိမိတ်ချင်းဆက်နေသည့် ဆိပ်ဖြူမြို့နယ်၊ ရှားလှကျေးရွာလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး မပြေးနိုင်၍ ရွာအတွင်း၌ ကျန်ရစ်နေခဲ့သည့် အသက် ၈၀ ကျော်အရွယ် အဘွားအိုတစ်ဦး မီးလောင်သေဆုံးခဲ့သည်ဟု ပခုက္ကူဒေသခံထံမှ သိရသည်။
ထို့ပြင် စစ်ကောင်စီတပ်က ရှားလှရွာအဝင်အထွက်လမ်းများတွင် မိုင်းထောင်ခဲ့သဖြင့် စစ်တပ်ထွက်သွားပြီးနောက် ရွာပြန်ဝင်စဉ် ရွာသားတစ်ဦး မိုင်းနင်းမိကာ သေဆုံးကြောင်းလည်း သိရသည်။
စစ်ကောင်စီတပ်က အင်အား ၈၀ နှင့် ၁၅၀ ခန့်ပါ စစ်ကြောင်းနှစ်ကြောင်းဖြင့် လှည့်လည်မွှေနှောက်နေခြင်းဖြစ်ကာ ငါးရက်အတွင်း ပေါက် PDF အဖွဲ့နှင့် တိုက်ပွဲလေးကြိမ်ဖြစ်ခဲ့သည်ဟု PDF ဘက်က ဆိုသည်။
စစ်ကောင်စီဘက်မှ ၂၀ ခန့် ထိခိုက်သေဆုံးပြီး ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်အိုးရွာအနီးတိုက်ပွဲတွင် စစ်သား ၈ ဦးထက်မနည်း သေဆုံးသည်ဟု ဗိုလ်စွန်ရဲက ပြောသည်။
ယနေ့မွန်းလွဲပိုင်းတွင် ပေါက်မြို့နယ် တစူးရွာ မီးလောင်နေသည့်နည်းတူ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်သဖြင့် တံစူးရွာသားရှစ်ဦး သေဆုံးသည်ဟု ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)