သတင်း

မင်းတပ်-မတူပီလမ်းတွင် စစ်ကောင်စီတပ်မှ ၆၀ ကျော် သေဆုံးဟု CDF ဆို

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့သို့ စစ်အင်အား၊ ရိက္ခာ၊ လက်နက်ခဲယမ်းများ ပို့ဆောင်သည့် စစ်ကားအစီး ၈၀ ကျော် ယာဉ်တန်းမှာ မင်းတပ်နှင့် မတူပီမြို့အကြား နှစ်ပတ်နီးပါးခန့်အချိန်အတွင်း ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် စစ်သား ၆၀ ကျော် သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း ချင်းဒေသကာကွယ်ရေး (CDF) အဖွဲ့များက ပြောသည်။

ပခုက္ကူမြို့မှ တက်လာခဲ့သည့် ထိုသံချပ်ကာကား ၂ စီးပါ ယာဉ်တန်းသည် မင်းတပ်မြို့တွင် ရက်အနည်းငယ်နားပြီး မတ် ၂၆ မှစတင်၍ မတူပီမြို့သို့ ထွက်ခွာလာရာ မိုင် ၁၀၀ ကျော် ရှည်လျားသည့် ထိုခရီးစဉ်အတွင်း CDF မင်းတပ်နှင့် CDF မတူပီအဖွဲ့တို့က လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မင်းတပ်မြို့မှ မတူပီမြို့အကြား ၁၀၂ မိုင်ကွာဝေးပြီး ကားဖြင့် သွားပါက ၆ နာရီမှ ၈ နာရီဝန်းကျင်ခန့်သာ ကြာမြင့်သည့် ထိုခရီးကို စစ်ကောင်စီတပ်က နှစ်ပတ်ကြာ အချိန်ယူခဲ့ရပြီး မတူပီမြို့သို့ ဧပြီ ၇ မွန်းလွဲပိုင်းမှသာ ရောက်ရှိခဲ့သည်။

မတ် ၂၆ မှ ဧပြီလဆန်းပိုင်းအထိ CDF မင်းတပ်တစ်ဖွဲ့တည်း၏ တိုက်ခိုက်မှုများတွင်ပင် စစ်ကောင်စီတပ်မှ ၃၀ ကျော် သေဆုံးပြီး အများအပြားဒဏ်ရာရကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ပြောသည်။

မတ် ၂၈ က ဖြစ်ပွားသည့် ကားလမ်းမ၌ အတန်းလိုက်ထောင်ထားသည့်မိုင်းများ တစ်ပြိုင်နက်ပေါက်ကွဲစေသော ပဒေသာမိုင်းသုံးပြီး တိုက်ခိုက်မှုသည် စစ်ကောင်စီတပ်ကို အထိအနာဆုံးဖြစ်စေခဲ့ပြီး ထိုတိုက်ခိုက်မှုတစ်ခုတည်းနှင့်ပင် စစ်ကောင်စီတပ်မှ ၁၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။

” မိုင်းဆွဲတာ နည်းနည်းစောသွားတယ်၊ ပထမက ကားတွေပါ ထိဖို့ကို ကားကို မထိတော့ဘဲ ရှေ့က လူတွေပဲ ထိတာများသွားတယ်” ဟု ကိုယောမန်က ပြောသည်။

ထို့ပြင် မိုင်တိုင် ၆၂ နှင့် ၆၈ ကြားတွင် တိုက်ပွဲပြင်းထန်ရာ စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်များခဲ့သည်၊ လေရှိရွာရှိ အိမ်များကို ဖျက်ဆီးမီးရှို့ချိန်တွင် စစ်သားရုပ်အလောင်းများကိုပါ ထည့်သွင်းမီးရှို့ခဲ့သည်ဟု ၎င်းက ဆိုသည်။

CDF မတူပီကလည်း ၎င်းတို့နယ်မြေအတွင်း ဝင်ရောက်လာသော အဆိုပါ စစ်ယာဉ်တန်းကို မင်းတပ်-မတူပီလမ်း မိုင်တိုင် ၇၀ အထိ လိုက်လံတိုက်ခိုက်ခဲ့ပြီး စစ်ယာဉ်တန်းနှင့် လုံခြုံရေးယူပေးသည့် မတူပီအခြေစိုက်တပ်များကိုလည်း တိုက်ခိုက်ခဲ့သည်။

စစ်ယာဉ်တန်း အစ

မင်းတပ်မှ ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို လုံခြုံရေးယူပေး‌ရန် ပြီးခဲ့သည့် မတ် ၃၁ ၌ မတူပီအခြေစိုက် ခမရ (၃၀၄) တပ်များက အင်အား ၈၀ ခန့်ဖြင့် ထွက်ခွာလာစဉ် မတူပီမြို့မှ ၁၀ မိုင်ခန့်အကွာ မင်းတပ်-မတူပီလမ်းပေါ်တွင် CDF မတူပီက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုနေ့တွင် တစ်ကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၆ ဦး သေဆုံးခဲ့ပြီး CDF မတူပီမှ အသက် ၁၈ နှစ်နှင့် ၂၀ အရွယ် ရဲဘော်နှစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

မတ် ၃၁ မှ ဧပြီ ၃ အထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခဲ့ပြီး ဧပြီ ၅ တွင် မတူပီမြို့နှင့် မိုင်အနည်းငယ်ဝေးသည့် နေရာတွင် စစ်ယာဉ်တန်းနှင့် မတူပီမှ လုံခြုံရေးပေးသည့် စစ်ကြောင်းတို့ ဆုံခဲ့ကြသည်။

ထို့နောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့ပြီး ဧပြီ ၇ တွင် စစ်ကောင်စီပူးပေါင်းစစ်ကြောင်းသည် မတူပီမြို့မှ ၁၅ မိုင်အကွာသို့ ရောက်ရှိလာကြောင်း၊ ထိုနေ့မနက် ၆ နာရီခွဲခန့်မှစ၍ ၁ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၅ ဦး သေဆုံးခဲ့ကြောင်း CDF က ပြောသည်။

ထိုစစ်ယာဉ်တန်းမှာ ဧပြီ ၆ တွင် မတူပီမြို့နှင့် ၁၈ မိုင်အကွာတွင်ရှိသည့် အိမ်ခြေ ၄၀ ကျော်ရှိသည့် ရမ်တိန်းရွာသစ်ကို မီးရှို့ခဲ့မှုကြောင့် နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု CDF မတူပီ၏ ပြောရေးဆိုခွင့်ရှိသူ ကိုနွေဦးလင်းက ပြောသည်။

“ရွာခံတွေကတော့ ကျွန်တော်တို့ ကြိုပြီး ဘေးလွတ်ရာကို ရှောင်ရှားနိုင်အောင် ကူညီပေးထားလို့ ထိခိုက်ဒဏ်ရာရတာ မရှိကြဘူး” ဟု ဆိုသည်။

ဧပြီ ၇ တွင်လည်း ချန်ပြန်းရွာဟောင်းရှိ စာသင်ကျောင်းတစ်ဝိုက်ကို ယာဉ်တန်းပါ စစ်သားများက မီးရှို့ဖျက်ဆီးခဲ့ပြီး လတ်တလောတွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် ပျက်စီးမှုအသေးစိတ်ကို မသိရသေးကြောင်း ကိုနွေဦးလင်းက ဆက်ပြောသည်။

စစ်ကောင်စီယာဉ်တန်း နီးကပ်လာပြီး မတူပီမြို့မှ လုံခြုံရေးပေးမည့် စစ်ကြောင်းများထွက်လာသည်နှင့် လမ်းတစ်လျှောက် ရမ်တိန်းရွာသစ်၊ ရမ်တိန်းရွာဟောင်း၊ ချန်ပြန်းရွာသစ်၊ ချန်ပြန်းရွာဟောင်း၊ မွှန်တုံ စသည့် ရွာ ၅ ရွာမှ ဒေသခံများ ထွက်ပြေးနေရသည်။

ဧပြီ ၇ ရက် မွန်းလွဲ ၄ နာရီခန့်တွင် စစ်ကောင်စီယာဉ်တန်း မတူပီမြို့တွင်းသို့ ဝင်ရောက်သွားနိုင်ခဲ့သည်ဟု CDF မတူပီထံမှ သိရသည်။

ယမန်နှစ်အတွင်း မတူပီမြို့သို့ စစ်ကောင်စီတပ်က နှစ်ကြိမ် ယာဉ်တန်းရှည်ဖြင့် လာရောက်ခဲ့ဖူးပြီး ထိုစဉ်ကလည်း ဒေသခံ CDF အဖွဲ့များ၏ အပြင်းအထန်တိုက်ခိုက်မှုကို ခံခဲ့ရသည်။

ယခု တတိယအကြိမ်တွင် စစ်ကောင်စီတပ်က ပိုမိုပါးနပ်လာပြီး ယာဉ်တန်းရှေ့မှ စစ်သည်များကို နှစ်ဖွဲ့ခွဲပြီး တစ်မိုင်စီ ခြားကာ ပွိုင့်အဖြစ်ထားပြီး ဖြည်းဖြည်းချင်းသာ ချီတက်လာသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ဆိုသည်။

“အရင်ကဆို အခုလောက်မကြာဘူး၊ ခြေလျင်မှ မသွားကြတာ၊ အခုက မိုင် ၁၀၀ ကျော်ကို ခြေလျင်နဲ့ ဖြည်းဖြည်းချင်းသွားပြီးတော့ သူတို့ အရမ်းအပင်ပန်းခံတယ်၊ အရမ်းသတိထားတယ်၊ အင်အားတွေလည်း အရမ်းသုံးတယ်။ အဲဒီအတွက် ကျွန်တော်တို့ဘက်ကတော့ နည်းနည်းပိုခက်ခဲသွားတာပေါ့။ အရင်ကလို လွယ်လွယ်တိုက်လို့ မရဘူး” ဟု ကိုယောမန်က ပြောသည်။

ထောင်ထားသည့် မိုင်းကြိုးများ ကြွက်ကိုက်ခြင်းကြောင့် ပျက်စီးခြင်း၊ မိုင်းထောင်ထားသည့် နေရာကို စစ်ကောင်စီတပ်များ ရှောင်ကွင်းသွားလာခြင်းတို့ကလည်း စစ်ကောင်စီတပ်များ သက်သာရာရစေခဲ့သည်ဟု ၎င်းက ဆိုသည်။

ယခုစစ်ယာဉ်တန်းတွင် မိုးတွင်းအတွက် ရည်ရွယ်သည့် ရိက္ခာများ၊ လက်နက်ခဲယမ်းများနှင့်အတူ စစ်အင်အား ၅၀၀ ခန့် ပါလာမည်ဟု နယ်ခံ CDF များက ခန့်မှန်းသည်။

စစ်ကောင်စီက တိုက်ပွဲသတင်းများကို ထုတ်ပြန်လေ့မရှိပေ။

“ဒီတစ်ခေါက်တိုက်ပွဲကတော့ တော်တော်လေးပြင်းထန်ခဲ့တယ်၊ အချိန်လည်း အကြာဆုံးဖြစ်တယ်၊ ကျွန်တော်တို့ဘက်က အားသာချက်ဖြစ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဘက်က စစ်သည် အယောက် ၃၀ လောက်ကို ကျွန်တော်တို့ သုတ်သင်ရှင်းလင်းခဲ့တယ်” ဟု ကိုနွေဦးလင်းက ပြောသည်။

“အရင်တစ်ခါ စစ်ကြောင်းတွေထက်စာရင် အခုတစ်ခေါက်က ကျွန်တော်တို့ဘက်ကတော့  အသာစီးအနေနဲ့ သူတို့ကို (စစ်ကောင်စီ) လက်ဦးမှုရယူနိုင်ခဲ့တယ်” 

ယခင်က မတူပီမြို့သို့ ယာဉ်တန်းရှည်ဖြင့် လာရောက်ခဲ့သည့် စစ်ကောင်စီတပ်ကို နှစ်ကြိမ်တိုင်တိုက်ခိုက်မှုတွင် စစ်သည် ၅၀ ခန့်သာ သေဆုံးခဲ့ပြီး ယခုအကြိမ်တွင် မတူပီသို့ အတက်တစ်ကြိမ်တည်းဖြင့်ပင် ၃၀ ခန့် သေဆုံးသည်အထိ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မတူပီမြို့တွင် ခြေလျင်တပ်ရင်း (၁၄၀)၊ ခြေမြန်တပ်ရင်း(၃၀၄) နှင့် စစ်ဗျူဟာတစ်ခု အခြေစိုက်ထားပြီး ယခုရောက်လာသည့် တပ်များဖြင့်ဆိုလျှင် အင်အား ၁,၁၀၀ ခန့်ရှိနေသည်ဟု CDF မတူပီမှ ကိုနွေဦးလင်းက ပြောသည်။

အာဏာသိမ်းပြီးနောက် အခြားတိုင်းပြည်နယ်များနည်းတူ ချင်းပြည်နယ်သည်လည်း လက်နက်ကိုင်တော်လှန်ရေး အားကောင်းခဲ့ပြီး ယနေ့အထိ စစ်ကောင်စီတပ်များကို အထိနာအောင် တိုက်ခိုက်နိုင်နေသည်။

CDF တို့၏ အားသာချက်မှာ နယ်မြေကျွမ်းကျင်ခြင်း၊ စိတ်ဓာတ်တက်ကြွခြင်း၊ မကွေးတိုင်းဘက်မှ PDF များနှင့် မဟာမိတ်ဖွဲ့နိုင်ခြင်းတို့ ဖြစ်သည်။

စစ်ကောင်စီတပ်၏ အားသာချက်မှာ တိုက်ပွဲဖြစ်စဉ်တိုင်းလိုလိုတွင် မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်များက တိုက်ပွဲဖြစ်သည့်နေရာများသို့ လက်နက်ကြီးများ ပစ်ကူပေးနိုင်ခြင်း ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button