
ချင်းပြည်နယ်တောင်ပိုင်းတွင် အင်အားဖြည့်တင်းရန် သွားနေသော စစ်ကောင်စီယာဉ်တန်းမှာ ချင်းဒေသပြည်သူ့ကာကွယ်ရေး (CDF) အဖွဲ့များ၏ ခုခံမှုကို အလူးအလဲရင်ဆိုင်နေရပြီး ၁၀ နီးပါးကြာသည်အထိ လိုရာခရီးမရောက်သေးကြောင်း သိရသည်။
မင်းတပ်မြို့မှ မတူပီသို့ သုံးနာရီဝန်းကျင်သာ ခရီးကွာဝေးသော်လည်း မတ် ၂၆ ရက်ကတည်းက စတင်ထွက်ခွာလာသည့် ယာဉ်အစီးရေ ၈၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းမှာ CDF အဖွဲ့၏ ခုခံတိုက်ခိုက်မှုကြောင့် အကျအဆုံးများနေသည်ဟုလည်း မတူမြို့နယ် CDF ပြောခွင့်ရသူ ကိုနွေဦးလင်းဆိုသူက ယနေ့ (ဧပြီ ၃) ပြောသည်။
မင်းတပ်နှင့် မတူပီမှာ မိုင် ၁၀၀ နီးပါးသာ ကွာဝေးသော်လည်း စစ်ယာဉ်တန်းမှာ မတူပီမြို့သို့ ရောက်ရန် မိုင် ၃၀ ကျော်လိုသေးကြောင်း၊ ဒေသခံ CDF အဖွဲ့များက လမ်းတစ်လျှောက်တွင် မိုင်းထောင်ခြင်း၊ ကြားဖြတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။
“မင်းတပ်ဘက်ကလည်း ဆက်တိုက် တိုက်နေတာပဲ၊ ကျွန်တော်တို့ (မတူပီ) လည်း သူတို့(စစ်ကောင်စီ) ထွက်လာပြီဆိုကတည်းက တိုက်နေတာ။ လမ်းကြောင်းအရတော့ ဒီဘက် (မတူပီ) မှာလည်း တိုက်ပွဲက ဆက်ဖြစ်မှာပဲ၊ ဒီလမ်းကပဲ သွားရတာဆိုတော့” ဟု ကိုနွေဦးလင်းက ပြောသည်။
ထိုယာဉ်တန်းကို လုံခြုံရေးပေးရန် မတ် ၃၀ ရက်တွင် ထွက်လာသည့် မတူပီအခြေစိုက် အမှတ် ၃၀၄ ခြေလျင်တပ်ရင်းမှ အင်အား ၈၀ မှ ၁၀၀ ကျော်ခန့်ရှိ စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာတွင်လည်း စစ်ကောင်စီဘက်မှ အကျအဆုံးများသည်ဟု ၎င်းက ဆိုသည်။
မတ် ၃၁ မှ ယမန်နေ့ ဧပြီ ၂ အထိ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ၂၅ ဦးထက်မနည်း သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရကာ CDF-မတူပီအဖွဲ့မှ အသက် ၁၈ နှစ်နှင့် ၂၀ အရွယ်ရှိသည့် ရဲဘော်နှစ်ဦး သေဆုံးသည်ဟု သိရသည်။
အထက်ပါ ထိခိုက်သေဆုံးအရေအတွက်နှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်ပြင် တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ ယာဉ်များ ထိခိုက်ပျက်စီးမှုအသေးစိတ်ကို မသိရှိရသေးပေ။
ထို့အတူ စစ်ကောင်စီတာဝန်ရှိသူများကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
တိုက်ပွဲများအတွင်း မတူပီမြို့မှနေ၍ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးရာ မတ် ၃၁ ရက် တစ်ရက်တည်းတွင် လက်နက်ကြီးအချက်ရေ ၅၀ ကျော်ရှိသည်ဟု ကိုနွေဦးလင်းက ဆိုသည်။
“တောင်ပေါ်စစ်ဆင်ရေးတွေမှာ သူတို့ (စစ်ကောင်စီ) သုံးတဲ့ ဗျူဟာတိုင်းပဲပေါ့။ လက်နက်ကြီးပစ်ကူကတော့ အဆမတန်များပြားတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ (ဧပြီ ၃) ရက်တွင်လည်း ထိုဒေသတွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သော်လည်း အသေးစိတ်အခြေအနေများကို မသိရသေးဟု ကိုနွေဦးလင်းက ပြောသည်။

မတူပီမြို့တွင် စစ်ကောင်စီလက်အောက်ခံတပ်ရင်း သုံးခုအထိ အခြေစိုက်ထားပြီး အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ချင်းပြည်နယ်တောင်ပိုင်းသို့ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်သည်အင်အား၊ ရိက္ခာနှင့် လက်နက်ခဲယမ်း ပို့ဆောင်မှု သုံးကြိမ်ရှိပြီဖြစ်သည်။
ထိုသို့ အင်အားဖြည့်တင်းသည့် စစ်ကောင်စီယာဉ်တန်းများကို ချင်းဒေသကာကွယ်ရေးအဖွဲ့များက အပြင်းအထန် ခုခံတိုက်ခိုက်လေ့ရှိရာ လိုရာခရီးရောက်ရှိရန် ပုံမှန်ခရီးထက် ကြန့်ကြာလေ့ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)