
မတ် ၃၁ ရက်နေ့တွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ကို မဟာမိတ်တပ်များနှင့် ပူးပေါင်းပြီး တိုက်ခိုက်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောသည်။
နံနက် ၅ နာရီခွဲခန့်က KNU တပ်မဟာ ၆ နယ်မြေဖြစ်သော ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြို့ဟောင်းကျေးရွာ မိဂသိမ်ဘုရားကုန်းအနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၁၈)၊ PDF ကျားဖြူတပ်ခွဲ(၁) တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ထိုတိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးဟု KNU မှ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ဆိုသည်။
“မနက်အစောကြီးကတည်းက တိုက်ပွဲဖြစ်တယ်၊ သူတို့(စစ်ကောင်စီ) တော်တော် အထိနာတယ်လို့ သိရတယ်၊ ဘယ်နှယောက်သေတယ်ဆိုတာတော့ မသိရသေးဘူး” ဟု ပဒိုစောတောနီးက ပြောသည်။
စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိသည်ဟု အတည်မပြုနိုင်သေးသော ဒေသတွင်းသတင်းများက ဆိုသည်။
နံနက်ပိုင်းမှာပင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို KNLA တပ်မဟာ(၁) နှင့် PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ၆ ဦးသေဆုံးပြီး KNLA ရဲဘော် ၁ ဦး သေဆုံးခဲ့သည်။
၁ နာရီနီးပါးကြာမြင့်သည့် အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံ ၂ ဦး ဒဏ်ရာရခဲ့သည်၊ တိုက်ပွဲအပြီးတွင် စစ်တပ်ကမုပ္ပလင်ရွာတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့သည်ဟု ဒေသတွင်း ကရင်သတင်းဌာန KIC က ရေးသားထားသည်။
မုပ္ပလင်တိုက်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးကြောင်း၊ KNLA နှင့် ပူးပေါင်းတပ်များက ရန်ကုန်-မော်လမြိုင် ကားလမ်းမတစ်လျှောက်တွင် စစ်ကောင်စီတပ်ကို မကြာခဏ ကြားဖြတ်တိုက်ခိုက်လေ့ရှိကြောင်း ပဒိုစောတောနီးက ပြောသည်။
“တပ်မဟာ (၁) က အရင်ကဆို တောထဲမှာပဲ တိုက်ပွဲဖြစ်တာ၊ အခုဆို သူတို့(စစ်ကောင်စီ) အပေါ်လည်း မတက်နိုင်တော့ဘူး၊ ကားလမ်းတစ်ဝိုက်မှာပဲ တဝဲလည်လည်နဲ့ နေ့တိုင်းဖြတ်တိုက်ခံနေရတယ်” ဟု ပဒိုစောတောနီးက ပြောသည်။
မတ် ၂၉ တွင်လည်း သထုံ-ဘီးလင်းလမ်းမပေါ်ရှိ ရွှေရောင်ပြရွာအနီးတွင် စစ်ကောင်စီတပ်ယာဉ်တန်းက လမ်းဘေးဝဲယာတစ်လျှောက် ပစ်ခတ်ခဲ့သည့်အတွက် ၆ နှစ်နှင့် ၉ နှစ်အရွယ် ယောက်ျားလေး ၂ ဦး သေဆုံးခဲ့သည်။
ထိုနေ့တွင်ပင် KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း မယ်ဝေ (မဲဝိုင်း) ကို လက်နက်၊ ခဲယမ်း၊ ရိက္ခာများကို လေကြောင်းမှ လာရောက်ပို့ဆောင်စဉ် KNU တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု KNU က သတင်းထုတ်ပြန်ထားသည်။
ရဟတ်ယာဉ်များပေါ်မှ ပစ်ခတ်မှုများကြောင့် မဲဝိုင်ရွာခံ ၁၈ နှစ်အရွယ်များဖြစ်ကြသော နော်မစိန်နှင့် စောသေးဝါး၊ ဝေါတေးရွာသား ၃၈ နှစ်အရွယ် စောယေထူးတို့ ဒဏ်ရာရကာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။
မတ် ၂၂ တွင် မြဝတီမြို့တောင်ဘက် ဝေါလေရှိ စစ်ကောင်စီတပ်၏ မဆုတ်တမ်းခံစစ်ခန်း မော်ခီး KNLA တပ်လက်အောက်သို့ ကျသွားသည်။
မတ် ၂၇ တွင် KNLA နှင့် ပူးပေါင်းတပ်များက မော်ခီးစခန်းနှင့် မိုင်အနည်းငယ်အကွာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် အင်အား ၃၀၀ ပါသည့် စစ်ကောင်စီစစ်ကြောင်းမှ ၄၀ ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။
သို့သော် ပြီးခဲ့သည့် နှစ်ရက်ခန့်မှစ၍ ဝေါလေတွင် တိုက်ပွဲများငြိမ်သက်နေသည်ဟု ပဒိုစောတောနီးက မတ် ၃၁ တွင် ပြောသည်။
စစ်ကောင်စီက တိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်လေ့မရှိပေ။
နယ်မြေကျွမ်းကျင်မှု အားသာချက်ရှိသော KNLA နှင့် PDF ပူးပေါင်းတပ်များက ပြောက်ကျားစနစ်သုံးပြီး ဆက်တိုက် တိုက်ခိုက်နေသည်။
၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ်လ ၂၀ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ တိုက်ပွဲပေါင်း ၂၂၀၀ နီးပါး ဖြစ်ပွားခဲ့ကြောင်း Institute for Strategy and Policy – Myanmar က ကောက်ယူထားသော စာရင်းများတွင် ဖော်ပြသည်။
အဆိုပါတိုက်ပွဲများအနက် ရာခိုင်နှုန်း ၈၀ ကျော် အကြိမ်ရေ ၁၈၀၀ နီးပါးမှာ KNU နယ်မြေအတွင်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)