
မြန်မာနှင့် နိုင်ငံအချို့တွင် အာဏာသိမ်းမှုကြောင့် ကမ္ဘာ့ပြဿနာ ပိုမိုများပြားလာပြီး ထိုပြစ်မှုကျူးလွန်သူတို့ ပြစ်ဒဏ်မှ လွတ်ကင်းနေခြင်းသည် စိုးရိမ်ဖွယ်ဖြစ်သည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က ပြောလိုက်သည်။
ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးကော်မရှင်သို့ မတ်လ ၃၀ ရက်က သဝဏ်လွှာပေးပို့ရာတွင် အင်အားသုံးအာဏာသိမ်းမှု ကြုံတွေ့နေရပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်နေသည့် ကမ္ဘာ့နိုင်ငံများနှင့် ပတ်သက်၍ ထိုသို့ မှတ်ချက်ပြုထားခြင်းဖြစ်သည်။
“ယီမင်၊ ဆီးရီးယား၊ မြန်မာ၊ ဆူဒန်၊ ဟေတီ၊ ဆာဟဲ စတဲ့နိုင်ငံတွေဟာ ၁၉၄၅ ခုနှစ်နောက်ပိုင်း အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေ အရေအတွက်အများဆုံး ရင်ဆိုင်နေရပါတယ်” ဟု ကုလအတွင်းရေးမှူးချုပ်က ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ အာဏာသိမ်းစဉ်ကတည်းက ကုလသမဂ္ဂသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ “အထူးစိုးရိမ်ကြောင်း” အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့သည်။
ယခုနှစ် ဇန်နဝါရီ ၂၈ ရက်က ဗြိတိန်နိုင်ငံက ဦးဆောင်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲ ကျင်းပခဲ့သေးသည်။
အဆိုပါ ဆွေးနွေးပွဲအပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးအပါအဝင် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံအများအပြားက စစ်ကောင်စီ၏ အာဏာသိမ်းမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကန့်ကွက်ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်ရန် တိုက်တွန်းခဲ့ကြသည်။
စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အဆိုပါကြေညာချက်များသည် “လှုံ့ဆော်သတင်းထုတ်ပြန်ချက်” များသာဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့် ဖွဲ့စည်းပုံအရ အာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်းလည်း စစ်ကောင်စီက ဖြေရှင်းသည်။
“နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးနှင့် ပြည်တွင်းတရားစီရင်မှုကို ပြင်ပမှ ဝင်ရောက်စွက်ဖက် ခြယ်လှယ်သည့် ထင်မြင်ချက်များနှင့် ဝေဖန်ပြောဆိုမှုများကို လက်မခံပါ” ဟု စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်အတူ အာဏာသိမ်းပြီးချိန်မှ ယခုနှစ် မတ်လ တတိယပတ်အထိ ပြည်သူတို့၏ နေအိမ်ပေါင်း ၈,၀၀၀ ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု Institute and Strategy for Policy – Myanmar ၏ မှတ်တမ်းက ဆိုသည်။
ထို့အတူ အာဏာသိမ်းမှု တစ်နှစ်ကျော်အတွင်း ဆန့်ကျင်သူ ၁,၇၀၀ ကျော်ကိုလည်း ဥပဒေမဲ့သတ်ဖြတ်ခဲ့ပြီးဖြစ်သည်ကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မှတ်တမ်းတင်ထားသည်။
ထိုသို့သော အခြေအနေများကြောင့် မြန်မာစစ်တပ်ကို ချက်ချင်းအရေးယူပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က မတ်လ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကလည်း အစီရင်ခံစာတစ်ရပ်ကို မတ်လ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံတစ်ဝန်းမှ ဆန့်ကျင်သူများကို ဦးခေါင်းတည့်တည့်ပစ်သတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်ခြင်း၊ အရပ်သားများရှိနေသည့်နေရာများကို လေကြောင်းမှပစ်ခတ် ဗုံးကြဲခြင်းတို့ လုပ်ဆောင်နေသည်ဟု ဖော်ပြထားသည်။
ကုလသမဂ္ဂသည် စင်ကာပူနိုင်ငံသူ Noeleen Heyzer ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလက မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။ ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ ရာထူးရယူပြီးနောက် “အကျပ်အတည်းကို ဖြေရှင်းမဲ့ ဆွေးနွေးပြောဆိုမှုအားလုံးတိုင်းမှာ စစ်တပ် ပါကိုပါရမယ်” ဟု Noeleen Heyzer က CNA သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောခဲ့ဖူးသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ဆွေးနွေးလိုဟန်ရှိသည့် ကုလကိုယ်စားလှယ်သည် ရာထူးရယူပြီး ၅ လ ကြာသည်အထိ မြန်မာနိုင်ငံသို့ သွားရောက်ခွင့်မသာသေးဘဲ ဖြစ်နေပြီး မြန်မာ့အရေးဆွေးနွေးမှုများလည်း ပြုလုပ်နိုင်ခြင်း မရှိသေးပါ။
သို့သော် အာဆီယံအလှည့်ကျဥက္ကဋ္ဌလည်းဖြစ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn နှင့် ကုလကိုယ်စားလှယ်တို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးရန်ရှိကြောင်း ကုလပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ပြောဆိုထားသည်။
ချက်သမ္မတနိုင်ငံ Prague Civil Society Centre ၏ အကြီးတန်းအကြံပေး Igor Blazevic ကမူ ကမ္ဘာ့နိုင်ငံများသည် မြန်မာ့အရေးဖြေရှင်းဆွေးနွေးသည်ဆိုသော အစည်းအဝေးအစီအစဉ်များဖြင့်သာ တင်းတိမ်နေသည်ဟု ဆောင်းပါးတစ်ပုဒ်တွင် ရေးသားထားသည်။
ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီကို နယ်သာလန်နိုင်ငံ သဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (International Criminal Court – ICC) တွင် တရားစွဲဆိုထားသည်။
အလားတူ အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice, ICJ) တွင်လည်း ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုဉ်းရာဇဝတ်မှု ကျူးလွန်သည့် စွပ်စွဲချက်ဖြင့်ပင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဆန့်ကျင်သူတို့ကို ဖမ်းဆီးကာ ရေကြည်အိုင်ကဲ့သို့သော စစ်ကြောရေးစခန်းများတွင် ညှဉ်းပန်းနှိပ်စက်မှုများ၊ လူသားမဆန်သည့် ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု လန်ဒန်အခြေစိုက် Myanmar Accountability Project အဖွဲ့က ဆိုသည်။
ထိုပြစ်မှုများအတွက် ထိုအဖွဲ့က စစ်ကောင်စီကို တူရကီနိုင်ငံတရားရုံးတွင် မတ်လ ၂၉ ရက်က တရားစွဲဆိုထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)