
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတွင် အင်အား ၂၀၀ ကျော်ဖြင့် လှုပ်ရှားနေသည့် စစ်တပ်နှင့် ပျူစောထီးတို့က ကျေးရွာသုံးရွာသို့ နှစ်ရက်ဆက်တိုက် ဝင်ရောက်ကာ အိမ်ခြေ ၂၀၀ နီးပါး မီးရှို့သွားသည်ဟု ဒေသခံ သုံးဦးက ယနေ့ (မတ် ၂၅) တွင် ပြောသည်။
စစ်ကိုင်းတိုင်း ကလေးမြို့ဘက်မှ တက်လာသည့် စစ်ကြောင်းနှင့် ဂန့်ဂေါမြို့နယ် မြောက်ခင်ရမ်းရွာရှိ ပျူစောထီးအဖွဲ့ဝင် အင်အား ၂၀၀ ခန့် ပေါင်းကာ ထိုသို့ ပြုမူနေခြင်းဖြစ်သည်ဟု ၎င်းတို့ထံမှ သိရသည်။
မတ်လ ၂၃ ရက်တွင် ဂန့်ဂေါမြို့နယ် မြောက်ဘက် ၂၄ မိုင်အကွာရှိ ချောင်းကောက်ရွာ၊ သာစည်ရွာ၊ နောက်တစ်ရက်တွင် ထိုနေရာမှ မြောက်ဘက် ၂ မိုင်ကျော်အကွာရှိ မိုးစိုရွာ(ဟောင်း) ကို မီးရှို့ခဲ့ကြသည်ဟု ၎င်းတို့က အတည်ပြုသည်။
အိမ်ခြေ ၃၀၀ ခန့်ရှိသည့် သာစည်ရွာတွင် နေအိမ် ၂၀၊ အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ချောင်းကောက်ရွာတွင် နေအိမ် ၂၉ လုံး ပျက်စီးခဲ့ပြီး အိမ်ခြေ ၁၅၀ ခန့်ရှိသည့် မိုးစိုရွာ (ဟောင်း) မှာမူ တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးသွားသည်ဟု ထိုသတင်းရင်းမြစ်တို့က ပြောသည်။
“မြစ်သာမြစ် အရှေ့ဘက်၊ အနောက်ဘက် စစ်ကြောင်းခွဲဝင်လာပြီး ချောင်းကောက်နဲ့ သာစည်ကို တစ်ပြိုင်တည်း ရှို့တာ။ စပါးတိုက်တွေလည်း လောင်သွားတယ်” ဟု သာစည်ရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသော အမျိုးသားတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ရွာသားတစ်ယောက်ကိုလည်း သံကြိုးတုပ်ပြီးမှ လည်ပင်းကြိုးချည်ပြီး ခေါ်သွားတယ်။ ဝက်တွေ၊ ကြက်တွေလည်း မစားဘဲနဲ့ ပစ်သတ်သွားတာမျိုးတွေလည်း တွေ့ရတယ်ဗျ”
ဖမ်းခံရသည့်ရွာသားနှင့် ပတ်သက်၍ အသေးစိတ်အတည်မပြုနိုင်သေးဘဲ၊ စစ်တပ်က လမ်း၌ လွှတ်ပေးသည်ဟုလည်း ကြားသိရကြောင်း ထိုသူက ပြောသည်။
“ရွာတွေကိုတော့ ဘယ်သူမှ ပြန်မကပ်ကြသေးဘူး။ စစ်ကြောင်းက အသွားရှို့လိုက်၊ အပြန်ရှို့လိုက်နဲ့ ဖြစ်မှာ စိုးရိမ်နေတာ။ အခု (မီးမလောင်ဘဲ) ကျန်တဲ့အိမ်က ပစ္စည်းတွေလည်း သယ်ပြီး ဘေးလွတ်ရာကိုသာ ပြေးနေကြတာ” ဟု သာစည်ရွာသား နောက်တစ်ဦးက ပြောသည်။
သာစည်ရွာနှင့် ချောင်းကောက်ရွာတို့ကို မဝင်မီ ချောင်းကောက်ရွာမြောက်ဘက် တစ်မိုင်ကျော်အကွာရှိ ရဲလှရွာအနီးရှိ စစ်ဘေးရှောင်တဲများကို စစ်ကောင်စီက မီးရှို့သွား၍ အိမ် အလုံး ၂၀ နီးပါး မီးလောင်သွားသည်ဟု နှမ်းခါးလူငယ်အဖွဲ့ဝင် အမျိုးသားတစ်ဦးထံမှ သိရသည်။
“သူတို့က ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာ။ စစ်ဘေးရှောင်တွေရှိတဲ့ နေရာတွေမှာလည်း မီးရှို့တယ်။ စစ်ဘေးရှောင်တွေထားတဲ့ စောင်တွေ၊ စားနပ်ရိက္ခာတွေကို မီးရှို့တာ။ စစ်ဘေးရှောင်တွေအတွက် ထားတဲ့ ဆန်တွေ၊ ဆီတွေကို အကုန်သယ်သွားတယ်ဗျ။ အခု ရွာတိုင်းလိုလို စစ်ဘေးရှောင်နေရပြီ” ဟု ၎င်းက ပြောသည်။
ထိုဖြစ်စဉ်ကြောင့် ဒေသခံ ၃၀၀၀ နီးပါး တိမ်းရှောင်နေရဆဲဖြစ်၍ ပျက်စီးမှုအသေးစိတ်ကို မသိရပါ။ ထိုဒေသတွင် အင်တာနက်ဖြတ်တောက်ခံထားရသဖြင့် ဒေသခံတို့ထံမှ ဓာတ်ပုံအထောက်အထားမရသလို စစ်ကောင်စီကိုလည်း မေး၍မရသေးပါ။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်နှင့် ပစ်နေသဖြင့် နိုင်ငံအနှံ့ ခုခံမှုများ မြင့်တက်နေရာ ၎င်းတို့ကို ထောက်ခံသူများအား လက်နက်တပ်ဆင်ပေးပြီး နှိမ်နင်းမှုများ အရှိန်မြှင့်မည်ဟု စစ်ကောင်စီက ယမန်နေ့ (မတ်၂၄) ကပင် နေပြည်တော်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောထားသည်။
ထို့အတူ နေအိမ်များ မီးလောင်ရခြင်းမှာ PDF လက်ချက်ကြောင့်ဖြစ်သည်ဟု ကြိုတင်ရိုက်ကူးထားသည့် ရုပ်သံအချို့ကို ဖွင့်ပြလျက် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့သည်။ ထိုရုပ်သံများတွင် ပါဝင်သည့် ရွာသူ၊ ရွာသားဆိုသူတို့၏ ပြောဆိုချက်၊ ဟန်ပန်အမူအရာများမှာ သဘာဝမကျဟုဆိုကာ Facebook တွင် ဝေဖန်လှောင်ပြောင်မှုများရှိနေသည်။
ကိုယ့်ရွာကိုယ်မီးရှို့ကြသည်ဆိုသော စစ်ကောင်စီ၏ ပြောဆိုချက်မှာ စစ်တပ်က ထွင်နေကျ ဇာတ်လမ်းသာဖြစ်သည်ဟု စစ်ကိုင်းတိုင်း ပုလဲမြို့နယ် PDF ခေါင်းဆောင် ဗိုလ်နဂါးက တုံ့ပြန်သည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၆ ၊ ၂၀၁၇ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးများအတွင်း လူပေါင်း ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ရချိန်ကလည်း ထိုသို့ နေအိမ်များမီးလောင်မှုကို ကိုယ့်ဘာသာရှို့၍ ပြေးကြသည်ဟု စစ်တပ်က အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုဖူးသည်။
သို့သော် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် တရားစွဲခံရသလို ထိုကိစ္စ၏ လက်သည်တရားခံမှာ စစ်တပ်ဖြစ်သည်ဟု အမေရိကန်နိုင်ငံက မကြာသေးမီကမှ ထုတ်ဖော်ကြေညာထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)