လွန်ခဲ့သည့်ငါးရက်က လက်နက်ခဲယမ်းများစွာ ဆုံးရှုံးခဲ့သည့် မော်ခီးစခန်းတည်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည့် စစ်တပ်နှင့် ဖလူးကျေးရွာအနီးတွင် ယနေ့ (မတ် ၂၅) တိုက်ပွဲပြင်းထန်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က အတည်ပြုသည်။
၎င်းတို့လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ တိုက်ခိုက်မှုကြောင့် မတ် ၂၁ ရက်က လက်နက်များစွန့်ကာ ထွက်ပြေးခဲ့ရသည့် ဝေါလေဒေသရှိ မော်ခီးမဆုတ်တမ်းခံစစ်စခန်းကို စစ်တပ်က ပြန်၍ သိမ်းလိုခြင်း ဖြစ်နိုင်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက သုံးသပ်သည်။
“စစ်ကောင်စီတပ်တွေက အများကြီးထိုးတက်လာပြီးတော့ အဲဒီဘက် (ဝေါလေ) ကို ဆင်းသွားတယ်လေ။ မနေ့ညနေကတည်းက တိုက်ပွဲတွေစဖြစ်နေတာ။ အသေးစိတ်အချက်အလက်တော့ မရသေးဘူး” ဟု ၎င်းက ပြောသည်။
အင်အားရာချီရှိမည်ဟု ခန့်မှန်းရသည့် ထိုစစ်ကြောင်းမှာ မြဝတီ- ဝေါလေ လမ်းမှတစ်ဆင့် ထိုဒေသအတွင်း ရောက်လာရာ KNLA တပ်များက ဝိုင်းဝန်းတိုက်ခိုက်နေသည်ဟု ပဒိုစောတောနီးက ပြောသည်။
ထိုတိုက်ပွဲများတွင် နှစ်ဖက်ထိခိုက်မှု မည်မျှရှိသည်ကို အတည်မပြုနိုင်သေးပေ။
KNLA တပ်များ မော်ခီးစခန်းကို သိမ်းစဉ် စစ်ကောင်စီထံမှ ၆၀ မမ စိန်ပြောင်းတစ်လက်၊ လက်နက်ငယ် ၄ လက်၊ RPG ဗုံးသီး ရာကျော်၊ ကျည်ဆန်နှင့် ရိက္ခာများစွာ သိမ်းမိသည်ဟု KNU က အတည်ပြုထားသည်။
စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း အမှတ် ၃၂ နှင့် ခြေမြန်တပ်ရင်း အမှတ် ၅၅၅ ပူးပေါင်းအင်အား ၂၈ ဦး ရှိသည့် ထိုစခန်းကို KNLA က တိုက်ခိုက်သည့်နေ့ (မတ်၂၁) တွင် တစ်ဦးသေ၍ တစ်ဦး အရှင်ဖမ်းမိခဲ့သည်။
နောက်တစ်ရက်တွင် ခမရ – ၅၅၅ စစ်ကြောင်းမှူး စန်းယုနှင့် တပ်ကြပ်တစ်ဦးကို ထပ်မံဖမ်းမိသည်ဟု KNU က ယနေ့ သတင်းထုတ်ပြန်သည်။ စစ်ကြောင်းမှူး၏ ရာထူးအဆင့်၊ တပ်ကြပ်အမည်နှင့် ကိုယ်ပိုင်နံပါတ်များကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ကရင်ပြည်နယ်အတွင်း လက်နက်ကြီး၊ လေကြောင်းပစ်ကူတို့ သုံးပြီး စစ်ဆင်၊ ခုခံလေ့ ရှိသည့် စစ်ကောင်စီက မော်ခီးစခန်းကုန်း သိမ်းပိုက်ခံရချိန်နှင့် ပြန်လည်စစ်ဆင်နေချိန်တွင် ကင်းထောက်လေယာဉ်များသာ သုံးနေသည်ဟု ပဒိုစောတောနီးက ပြောသည်။
“မော်ခီးတုန်းကဆို မနက် ၅ နာရီကတည်းက ညနေ ၅ နာရီအထိလေ တစ်နေ့လုံးဖြစ်တဲ့သဘောပဲ။ အဲဒါကို လေယာဉ်ပျံ ဘာလို့မရောက်လဲဆိုတော့ မပြောတတ်ဘူး။ မိုးလေဝသကြောင့်ပဲလား မသိ၊ အတိအကျတော့ မပြောတတ်ဘူး” ဟု ၎င်းက ဆိုသည်။
မော်ခီးစခန်းရှိရာ ဝေါလေမြို့နယ်ခွဲသည် KNU က ဒူးပလာယာခရိုင်အဖြစ် သတ်မှတ်ထားသည့် တပ်မဟာ ၆ နယ်မြေအတွင်း၌ ရှိသည်။
ဒူးပလာယာခရိုင်အတွင်း ပါဝင်သည့် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်များ ရုပ်သိမ်းရန်၊ တာဝန်မှ မနုတ်ထွက်နိုင်သည့် ဝန်ထမ်းများ ဒေသတွင်းမှ အမြန်ဆုံးထွက်ခွာသွားရန် KNU က မတ် ၁၇ ရက်တွင် ညွှန်ကြားထားသည်။
ဒူးပလာယာခရိုင်အတွင်း၌ပင်ရှိပြီး မြဝတီနှင့် မိုင် ၂၀ ကျော်ဝေးသည့် ကော့ကရိတ်မြို့နယ်တွင်လည်း KNLA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်ဟု KNU၏ ထုတ်ပြန်ချက်များအရ သိရသည်။
အပစ်ရပ်ချုပ်တွင် လက်မှတ်ထိုးထားသည့် KNU က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် စစ်တပ်၏ လုပ်ရပ်ကို လက်မခံ၊ အာဏာရှင်စနစ်ကို အမြစ်ဖြုတ်မည်ဟု ကြွေးကြော်ထားသည်။
စစ်ကောင်စီကို ဆန့်ကျင်သည့် အင်အားစုများ စုဖွဲ့ထားသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင် KNU က ပါဝင်နေပြီး အခြေခံဥပဒေနှင့် ဖက်ဒရယ်ပြည်ထောင်စု ပုံစံသစ်တစ်ခုကို ပူးပေါင်းရေးဆွဲနေသည်။
အာဏာသိမ်းပြီး တစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်ခံရချိန်တွင် စစ်ကောင်စီ၏ ရန်ရှာခံရသူများကို KNU က ၎င်းတို့ထိန်းချုပ်ရာ နေရာများအတွင်း လက်ခံထားရှိခဲ့ရာ စစ်တပ်သဘောတူညီမှုဖြင့် တည်ထားသည့် လေးကေ့ကော်ကဲ့သို့ ငြိမ်းချမ်းရေးအထိမ်းအမှတ်မြို့သည်ပင် လေကြောင်းပါ သုံး၍ တိုက်ခိုက်ခံရသည်။
စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံမှုများ အရှိန်မြင့်နေရာ KNU အခြေစိုက်သည့် ဒေသများတွင်လည်း တိုက်ပွဲများ ဆက်နေချိန်တွင် တပ်ကို စွန့်ခွာလာကြရာ ဒုဗိုလ်မှူးကြီးအဆင့် ၃ ဦးထက်မနည်း ၎င်းတို့ထံတွင် ခိုလှုံနေကြသည်ဟု ပဒိုစောတောနီးက ပြောထားသည်။
ထို့အတူ KNU ထိန်းချုပ်ရာ ဒေသတိုက်ပွဲများအတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လူသားဆန်ဆန်ထားရှိသည်ဟု ၎င်းက အတည်ပြုထားသည်။
အထက်ပါ တိုက်ပွဲများ၊ တပ်ကို စွန့်ခွာမှုများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်း၍ မရသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)