နိုင်ငံအနှံ့အပြား သတ်ဖြတ်မှု၊ နေအိမ်မီးရှို့မှုများအတွက် တာဝန်ရှိသော စစ်ကောင်စီက စည်စည်ကားကားကျင်းပရန် ပြင်ဆင်ထားသည့် သင်္ကြန်ပွဲတော်ကို သပိတ်မှောက်ကြရန် မန္တလေးမှ တော်လှန်ရေးအင်အားစုက တိုက်တွန်းလိုက်သည်။
ဧပြီလလယ်ပိုင်းတွင် ကျရောက်မည့် ပွဲတော်အတွက် မန္တလေး၂၆ လမ်း၊ (၇၁ လမ်းနှင့် ၇၂လမ်းကြား) ရှိ မြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှေ့တွင် မြို့တော်ဝန်မဏ္ဍပ်ကို စတင်တည်ဆောက်နေပြီဖြစ်ကြောင်း မန္တလေးသပိတ်တက်ကြွလူငယ်တစ်ဦးက ပြောသည်။
“ကျုံးဘေးမှာ မဏ္ဍပ်တွေ စဆောက်ဖို့ လုပ်နေကြပြီ။ မြို့တော်ဝန်မဏ္ဍပ်ဆိုရင် စဆောက်နေပြီ။ နောက်ပြီး အစည်းအဝေးတွေခေါ်ပြီး သင်္ကြန်လုပ်ဖို့ သူတို့ အပြင်းအထန် စီစဉ်နေကြတယ်” ဟု လုံခြုံရေးအရ အမည်မဖော်ပြစေလိုသည့် ၎င်းက ဆိုသည်။
“ပြည်သူတွေ ငြိမ်းချမ်းနေပါပြီဆိုတာကို ကမ္ဘာကို လိမ်လည်ပြီး သူတို့ပြဖို့ လုပ်ဖို့ရှိတာပါ”
အသံတိတ်သပိတ်များတွင် တစ်နိုင်ငံလုံး ပါဝင်ခဲ့ကြသည့်အတွက် သင်္ကြန်သပိတ်တွင်လည်း ဆက်လက်ပါဝင်မည်ဟု သူက ယုံကြည်နေသည်။ တော်လှန်သင်္ကြန်အစီအစဉ် ကဖျက်ယဖျက်လုပ်ခံရနိုင်သဖြင့် အချိန်နီးမှ ထုတ်ပြန်မည်ဟု ဆိုသည်။
မတ် ၁၈ က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် အစည်းအဝေးပြုလုပ်ပြီး မန္တလေးသင်္ကြန်ပွဲတော် စည်ကားစွာကျင်းပမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီချုပ်ကိုင်ထားသည့် သတင်းစာများတွင် ဖော်ပြခဲ့သည်။
ယမန်နှစ်ကလည်း အာဏာသိမ်းပြီး ၃ လအကြာ မန္တလေးသင်္ကြန်ကို စည်စည်ကားကားပြုလုပ်ရန် စီစဉ်ခဲ့ဖူးသည်။ မန္တလေးမြို့တော်ဝန်မဏ္ဍပ်ဆောက်လုပ်မှု ပြီးစီးခဲ့ချိန်တွင် ပြည်သူတို့ တစ်ခဲနက်ကန့်ကွက်မှုကြောင့် မဏ္ဍပ်ပြန်ဖျက်ကာ မန္တလေးနန်းတွင်းထဲ၌သာ တပ်မိသားစုများ၊ ၎င်းတို့ကို ထောက်ခံသည့် အနုပညာရှင်တချို့နှင့်သာ ကျင်းပခဲ့သည်။
မန္တလေး၏ မြို့မိမြို့ဖ ကဗျာဆရာတစ်ဦးက ယခုနှစ်တွင် နန်းတွင်းတစ်ဝိုက် သင်္ကြန်အတုကျင်းပရန် စစ်ကောင်စီက ပြင်ဆင်နေသော်လည်း လူထုက ပါဝင်မည်မဟုတ်ဟု ပြောသည်။
“သင်္ကြန်ဆိုတာ မန္တလေးရဲ့ အသည်းနှလုံးပါပဲ။ ပြည်သူတွေက တစ်နှစ်တာ ပင်ပန်းဆင်းရဲဒုက္ခတွေကို အတာရေနဲ့ ဆေးကြောကြရင်း သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြတာ။ အခု သင်္ကြန်ပျောက်ဆုံးခဲ့တာ ကိုဗစ် ၂ နှစ်၊ အာဏာသိမ်း ၂ နှစ်ရယ်ပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုကဗျာဆရာက ပြောသည်။
“ဒီလိုစစ်ရာဇဝတ်ကောင်တွေ နိုင်ငံရေးအကြံအဖန်လုပ်တဲ့ သင်္ကြန်အတုမှာ ပါဝင်မဲ့ ဘယ်လိုအနုပညာရှင်မျိုးကို ဖြစ်စေ၊ လူတန်းစားဖြစ်စေ လူထုရဲ့ ရှုတ်ချခြင်း ခံရမယ်၊ သမိုင်းမှာ နာမည်ဆိုးနဲ့ ကျန်ခဲ့မယ်”
သင်္ကြန်ပွဲတော်နှင့် ပတ်သက်၍ အစဉ်အလာကြီးခဲ့သည့် မန္တလေးတွင် ဆုံးရှုံးလိုက်ရသည့် သင်္ကြန်ပွဲတော်ထက် တောထဲ တောင်ထဲတွင် အသက်ရင်း၍ တော်လှန်နေကြသော လူငယ်များ၏ ဆုံးရှုံးရသောဘဝများကို စာနာကြောင်း ၎င်းက ဆက်ပြောသည်။
သင်္ကြန်ကို အများပြည်သူ သပိတ်မှောက်နိုင်သော်လည်း တပ်မိသားစုဝင်များ၊ နေ့စားခ ရရှိသဖြင့် လူစုလူဝေးလုပ်မည့် အစီအစဉ်တွင် လိုက်ပါတတ်သူများနှင့်သာ ကျင်းပသွားဖွယ်ရှိသည်ဟု သူက ခန့်မှန်းသည်။
စစ်ကောင်စီတပ်သားတို့ ကာလကြာရှည် စခန်းချခဲ့ကြသော ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမရှေ့တွင်လည်း သင်္ကြန်မဏ္ဍပ် ဆောက်လုပ်နေသည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျသွားသည်ဆိုကာ လူ ၄၀၀ အထိ စုဝေးခွင့်ပြုကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနကလည်း ကြေညာထားသည်။
မန္တလေးမြို့ စိန်ပန်းရပ်ကွက်မှ အမျိုးသားတစ်ဦးက နိုင်ငံအနှံ့ ပြည်သူများ သတ်ဖြတ်ခံနေရပြီး နေအိမ်အများအပြား မီးရှို့ဖျက်ဆီးခံနေရချိန်တွင် ပြုလုပ်မည့် ပွဲများကို ပါဝင်လိုခြင်း မရှိဟု ပြောသည်။
ပြည်သူများကို သတ်ဖြတ်မှုအပါအဝင် စစ်တပ်၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး ဝေဖန်မှုများကို စစ်ကောင်စီက ပယ်ချလေ့ရှိသည်။
ဒီဇင်ဘာ ၂၂ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်သင်တန်းဆင်းပွဲတွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အပြင်းအထန်ပြုလုပ်နေကြောင်း ပြောသွားသည်။
တပ်မတော်၏ ကြိုးပမ်းဆောင်ရွက်မှုမှန်သမျှသည် အမိနိုင်ငံနှင့် တိုင်းရင်းသားပြည်သူလူထု ကောင်းကျိုးဖြစ်ထွန်းပြီး ကမ္ဘာ့အလယ်တွင် ဆက်လက်ရပ်တည်သွားနိုင်ရန် ကိုယ်ကျိုးမငဲ့ မွန်မြတ်သည့် စိတ်ရင်းစေတနာနှင့် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ပြောကြောင်း နောက်တစ်နေ့ ၎င်းတို့၏ သတင်းစာမျက်နှာဖုံးတွင် ဖော်ပြထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



