
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် မတ် ၁၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ထိုလမ်းတစ်လျှောက်မှ ကျေးရွာများ စစ်ရှောင်နေရသည်ဟု ချင်းဒေသကာကွယ်ရေး (CDF) ကန်ပက်လက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မတ် ၁၆ တွင် ဌာနချုပ်ကျသွားပြီးနောက် တိမ်းရှောင်သွားသည့် CDF ကန်ပက်လက်အဖွဲ့ဝင်များကို တောနင်းရှာနေသည့် စစ်ကောင်စီတပ် တပ်မ ၅၅ လက်အောက်ခံ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းနှင့် ကန်ပက်လက်မြို့မြောက်ဘက် မိုင် ၃၀ ခန့်အကွာ လုံပေါက်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CDF ကန်ပက်လက်အဖွဲ့၏ ဒုတိယတပ်မမှူး ဆလိုင်းအောင်လိန်းက ပြောသည်။
စစ်ရှောင်ဒေသခံများထဲမှ သက်ကြီးပိုင်းအမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်က လမ်းပြအဖြစ် ခေါ်ဆောင်ကာ CDF တပ်များ ရှိနိုင်မည့်နေရာများသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
မွန်းလွဲ ၂ နာရီခန့်မှ စတင်သည့်တိုက်ပွဲမှာ မွန်းလွဲ ၄ နာရီခန့်တွင် ပြီးဆုံးသွားသည်၊ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကာ အများအပြားဒဏ်ရာရပြီး CDF ကန်ပက်လက် ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆလိုင်းအောင်လိန်းက ပြောသည်။
“သူတို့ (စစ်ကောင်စီ) တက်လာမယ်လို့ ယူဆရတဲ့ လမ်းကြောင်းမှာ ကြိုပြီး ကင်းပုန်းဝပ်စောင့်ပြီး တိုက်ကြတာပေါ့၊ ဒဏ်ရာရတာက သူတို့တော်တော်များမယ်” ဟု ဆလိုင်းအောင်လိန်းက ပြောသည်။
တိုက်ပွဲပြီးသည့်နောက် စစ်ကောင်စီတပ်က လုံပေါက်ရွာအတွင်း တပ်စွဲနေခဲ့ပြီး လမ်းပြအဖြစ် ဖမ်းဆီးခံရသည့် စစ်ရှောင်အမျိုးသား ၃ ဦးလည်း ထိုနေ့ညတွင် ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု သတင်းရကြောင်း ၎င်းက ဆိုသည်။
အဆိုပါ စစ်ကြောင်းမှာ နောက်တစ်နေ့ (မတ် ၂၀) တွင် မင်းတပ်မြို့နယ်ဘက်သို့ ဦးတည်ထွက်ခွာသွားသည့်အတွက် လတ်တလောတွင် ကန်ပက်လက်မြို့နယ်၌ တိုက်ပွဲများ ငြိမ်သက်နေသည်။
ပြီးခဲ့သည့် မတ် ၁၅ ရက်က ကန်ပက်လက်မြို့၏ မြောက်ဘက် စမ္မသားရွာအနီးရှိ CDF ကန်ပက်လက်၏ ဌာနချုပ်ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်ခဲ့ရာတွင် လက်နက်အင်အား ကွာခြားသည့်ပြင် ဒေသခံများလုံခြုံရေးကို ငဲ့ကွက်၍ နောက်ဆုတ်ပေးခဲ့ရသည်ဟု CDF ကန်ပက်လက်အဖွဲ့က ဆိုသည်။
မတ် ၁၇ ရက်တွင် CDF ကန်ပက်လက်အဖွဲ့၏ တပ်မဟာဌာနချုပ်ကို ဝင်ရောက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် တောတိုးကာ ဆက်လက်စစ်ကြောင်းထိုး ရှာဖွေနေရာ အဆိုပါ တပ်မဟာဌာနချုပ်နှင့် ၈ မိုင်ခန့်သာဝေးသည့် လုံပေါက်ရွာတွင် ယခုလို ထပ်မံတိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။
တိုက်ပွဲများကြောင့် မတ် ၁၅ ရက်ကတည်းက တပ်မဟာဌာနချုပ်အနီးရှိ စမ္မသားရွာအပြင် ကျော့တော်၊ အမ်ပုံ၊ ခိတော် နှင့် မဆွီးတွီ စသည့် ကျေးရွာများမှ ဒေသခံ ၁၂၀၀ ကျော်မှာ တောင်ယာခင်းများနှင့် တောထဲတွင် ထွက်ပြေးစစ်ရှောင်နေရသည်ဟု အဆိုပါစစ်ရှောင်များကို ကူညီပေးနေသည့် ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးက ပြောသည်။
စစ်ရှောင်များအတွက် စားနပ်ရိက္ခာအပြင်၊ သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများလည်း လိုအပ်နေသည်ဟု ၎င်းက ဆိုသည်။
“ကျန်းမာရေးအတွက်လည်း ဆေးဝါးတွေလိုအပ်တယ်၊ ပြီးရင် အရေးပေါ်အနေနဲ့ကတော့ ဆပ်ပြာတို့ဘာတို့လည်း လိုအပ်နေတယ်” ဟု အဆိုပါသင်းအုပ်ဆရာက ပြောသည်။
ကန်ပက်လက်တစ်မြို့နယ်လုံးဆိုလျှင် အထက်ပါ စစ်ရှောင်ရွာများနှင့် ရဲလောင်းပန်း၊ ကန်းလောင်း၊ ငုံလောင်း၊ စံအိမ်နူး၊ တုံငယ်၊ လှလောင်းပန်း စသည့် ရွာပေါင်း ၁၂ ရွာကျော်မှ ဒေသခံ ၆၀၀၀ ကျော် စစ်ရှောင်နေရသည်ဟု ဆိုသည်။
ဖေဖော်ဝါရီလဆန်းမှစ၍ ကန်ပက်လက်မြို့သို့ ဦးတည်ကာ အင်အားဖြည့်တင်းလာသည့် တပ်မ ၅၅ လက်အောက်ခံ စစ်ကောင်စီတပ်များကြောင့် ကန်ပက်လက်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ကန်ပက်လက်မြို့ခံတပ်များမှာ မြို့တွင်း၌သာ တပ်စွဲထားခဲ့ပြီး ထပ်မံရောက်ရှိလာသည့် တပ်မ ၅၅ တပ်များက ကန်ပက်လက်မြို့နယ်အနီးဝန်းကျင်ကို တောတိုးကာ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
အဆိုပါတပ်သည် မတ် ၂၀ ရက်တွင် မင်းတပ်မြို့နယ်ဘက်သို့ ဦးတည်ကာ ထွက်ခွာသွားသည့်အတွက် ကန်ပက်လက်မြို့နယ်အတွင်း မတ် ၂၀ ၊ ၂၁ ရက်များတွင် တိုက်ပွဲများငြိမ်သက်နေခဲ့သည်။
စစ်ကောင်စီက တိုက်ပွဲသတင်းများကို ထုတ်ပြန်လေ့ မရှိပေ။
တပ်မ ၉၉ လက်အောက်ခံတပ်များနှင့် အခြားတပ်အချို့က အင်အား ၃၀၀ ခန့်ဖြင့် ကန်ပက်လက်မြို့ပေါ်ရှိ စာသင်ကျောင်း၊ ရဲစခန်းနှင့် မြို့နယ်ပညာရေးမှူးရုံးများတွင် ဆက်လက်တပ်စွဲထားဆဲဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)