သတင်း

ကျောက်ထုတွင် စစ်ကားအစီး ၉၀ ပါယာဉ်တန်းကို PDF က မိုင်းခွဲတိုက်ခိုက် 

မကွေးတိုင်း၊ ပခုက္ကူမြို့မှ ချင်းပြည်နယ်အစပ် ကျောက်ထုမြို့သို့ ဦးတည်ကာထွက်လာသည့် စစ်ကားအစီး ၉၀ ကျော်ပါယာဉ်တန်းကို ယမန်နေ့တွင် လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ PDF အဖွဲ့များက ဆိုသည်။

အဆိုပါ ယာဉ်တန်းကို ကျောက်ထုမြို့မရောက်ခင် ပေါက်-တပြင်းလမ်းပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထီးလင်းမြို့နယ် PDF က ယနေ့ ထုတ်ပြန်သည့်နည်းတူ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ရာ စစ်ကားတစ်စီးပျက်စီး၍ စစ်သား ၈ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရသည်ဟု ကျောက်ထု PDF အဖွဲ့ဝင်က ဆိုသည်။

စစ်ယာဉ်တန်း၏ ရှေ့မှနေ၍ လုံခြုံရေးယူထားသည့် စစ်ကားသုံးစီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ကျောက်ထု PDF အဖွဲ့ဝင် ဗိုလ်ဝေလဆိုသူက Myanmar Now ကို ပြောသည်။

ထိုသို့တိုက်ခိုက်ခဲ့သော်လည်း ထိုယာဉ်တန်းမှာ ယမန်နေ့ (မတ် ၁၇) ည ၈ နာရီခန့်တွင် ကျောက်ထုမြို့သို့ ရောက်ရှိသွားကာ ကျောက်ထုနှင့် တပြင်းလမ်းပိုင်းတွင်လည်း စစ်သား ၁၈၀ ခန့် ဖြန့်ကြက်ထားသည်ဟု ဗိုလ်ဝေလက ဆိုသည်။ 

“ရှေ့ပြေးချထားတဲ့ တပ်အပြင် တပ်တွေထပ်တိုးထားတာကလည်း ကျောက်ထု-တပြင်း လမ်းမှာရှိသေးတော့ ပခုက္ကူပြန်မပြန်လည်း ဆက်စောင့်ကြည့်ရမှာပေါ့” ဟု ၎င်းက ပြောသည်။

မကွေးတိုင်း ကျောက်ထုမြို့မှတစ်ဆင့် ချင်းပြည်နယ် မင်းတပ်၊ မတူပီသို့ ကားလမ်းဖြင့် သွားနိုင်သည်ဖြစ်၍ စစ်ကောင်စီက ထိုလမ်းအတိုင်း စစ်အင်အားဖြည့်တင်းနေခြင်းဖြစ်ကြောင်း ဒေသခံ PDF များက ခန့်မှန်းသည်။ 

ကျောက်ထု-ပခုက္ကူလမ်းပိုင်း၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် ကြိုတင်ပြင်ဆင်ရင်း မတ် ၁၆ ရက်က မိုင်းမတော်တဆမှုကြောင့် PDF အဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ရသည်ဟုလည်း ဗိုလ်ဝေလက ပြောသည်။

“ထောင်တဲ့အချိန်မှာ (ကြိုတင်လုံခြုံရေးယူသည့် ပွိုင့်) ယာဉ်တန်းက ကပ်လာနေပြီး ပြောရမယ်ဆိုရင် တစ်မိုင်တောင်မဝေးတော့ဘူး၊ အဲဒါနဲ့‌ မြန်မြန်လုပ်ရင်း ခုလိုဖြစ်သွားတာပဲ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီကို ခုခံမှုအားကောင်းသည့် မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့အတွက် ကျောက်ထုမြို့သည် လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသည်။ ဒီဇိုင်း- Myanmar Now

၂၀၂၁ ဖေဖော်ဝါရီတွင် ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြသည်။

လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာအလှမ်းဝေးသည့် မကွေးတိုင်းအတွင်းရှိ ဒေသများတွင်လည်း စစ်ကောင်စီကို တွန်းလှန်နေသည်။ လမ်းပန်းဆက်သွယ်ရေးအချက်အချာကျသည့် ဆောမြို့နယ်ရှိ ကျောက်ထုမြို့တွင် PDFနှင့် စစ်ကောင်စီအကြား တိုက်ခိုက်မှုများ မကြာခဏဖြစ်နေသည်။

ကျောက်ထုမှနေ၍ ချင်းပြည်နယ် မင်းတပ်၊ မတူပီသို့ ကားလမ်းဖြင့် သွားနိုင်၍ စစ်ကောင်စီကလည်း တောက်လျှောက်အသုံးပြုနေပြီး PDF တို့ကလည်း အမြဲတစေ တိုက်ခိုက်နေကြသည်။

ချင်း-မကွေးနယ်စပ်တစ်လျှောက်ရှိ ထိုဒေသအတွင်းတွင် မကွေးတိုင်း ကျောက်ထု၊ ဆော၊ လောင်းရှည် PDF အဖွဲ့များနှင့် ချင်းပြည်နယ် ကန်ပက်လက်၊ မင်းတပ် CDF အဖွဲ့များပေါင်း၍ စစ်ကောင်စီကို အန်တုနေသည်။

ထိုသို့ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button