သတင်း

စစ်တပ်က ဖမ်းထားသော တောင်ကုတ်ဒေသခံအတွက် မိသားစု စိုးရိမ်နေ

ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်တွင် ဒေသခံ ရွာသားတစ်ဦးကို စစ်ကောင်စီ၏ တပ်မ ၅၅ စစ်ကြောင်းက မတ် ၁၀ တည်းက ဖမ်းဆီးသွားရာ အဆက်အသွယ်ပြတ်တောက်နေ၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။

ပဒါကျေးရွာအုပ်စု၊ ပေါက်အင်းကျေးရွာတွင် ၄၇ နှစ်အရွယ် ဦးမောင်လှရွှေကို မတ် ၁၀၊ ည ၉ နာရီခန့်တွင် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဇနီး ဒေါ်မအေးပြုံးက Myanmar Now ကို ပြောသည်။

“သူက အိမ်ကို မရောက်သေးဘူး။ ရွာတွင်းတစ်နေရာကနေ ဖမ်းသွားတာပါ။ ၅၅ တပ်က ဖမ်းသွားတာလို့ မြင်လိုက်ရတဲ့သူတွေက ပြောပါတယ်။ ဒီနေ့နဲ့ဆို ၄ ရက်ရှိနေပြီး ဘယ်ကို ဖမ်းသွားတယ်ဆိုတာကို မသိရဘူး။ အဆက်အသွယ်မရဘူး” ဟု  ဆိုသည်။

ဦးမောင်လှရွှေတွင် နှလုံး‌ရောဂါ၊ သွေးတိုးရောဂါ ရှိသဖြင့် စိုးရိမ်နေရသည်ဟု ဇနီးဖြစ်သူက ဆိုသည်။

“မိသားစုတွေက ဟိုစပ်စပ်ဒီစပ်စပ် စုံစမ်းနေတုန်းပါ။ သူက ကျန်းမရေးမကောင်းဘူးဆိုတော့ စိုးရိမ်နေရတယ်” ဟု ဒေါ်မအေးပြုံးက ပြောသည်။ 

အင်အား ၅၀ ခန့်ရှိ အဆိုပါစစ်ကြောင်းမှာ ပြီးခဲ့သည့် မတ် ၉ တွင် ရွာအနီး ရောက်ရှိလာပြီး ကျေးရွာလူကြီး၊ ရပ်မိရပ်ဖများကို ခေါ်ယူအစည်းအဝေးပြုလုပ်၍ ရက္ခိုင့်တပ်တော် (AA) နှင့် အဆက်သွယ်ရှိမရှိ၊ AA က ငွေကြေးကောက်ခံမှု ရှိမရှိ မေးမြန်းကြောင်း ပေါက်အင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။

“AA တွေနဲ့ အဆက်အသွယ်ရှိလား၊ ငွေတွေကောက်ခံတာရှိလားဆိုပြီး မေးတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။

ပေါက်အင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်လှမြင့်ကလည်း ထိုဖမ်းဆီးမှု နောက်ဆက်တွဲအခြေအနေကို မသိရသေးဟု ဆိုသည်။

“အဖမ်းခံရတာ ဟုတ်ပါတယ်။ သူ့ကိုဖမ်းတဲ့အချိန်က ကျွန်တော်က ရွာမှာမရှိဘူး။ ခရီးလွန်နေတာ။ အတိအကျတော့မသိဘူး။ တစ်ဆင့်စကားနဲ့ သိရတာပါ” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

ဦးမောင်လှရွှေကို တောင်ကုတ် ၅၄၄ တပ်ထဲတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သတင်းရကြောင်း ၎င်း၏ ညီက ဆိုသည်။ 

“ဖမ်းသွားတဲ့အချိန်က ၉ နာရီကျော်လောက်ရှိနေပြီ။ သံတွဲ ငပလီက ၅၅ တပ်နဲ့ တောင်ကုတ်က ၅၄၄ တပ်က ပူးပေါင်းပြီးတော့ လာကြတာလို့ ပြောကြတယ်” ဟု ပြောသည်။ 

ကျေးရွာအတွင်းသို့ စစ်သားများဝင်ရောက်လာသည်ကို သိ၍ ဦးမောင်လှရွှေက ယောက်ဖဖြစ်သူကို ခေါ်ယူပြီး တိမ်းရှောင်ရန် ရွာပြင်ထွက်ကြကြောင်း၊ ယောက်ဖဖြစ်သူ ဦးကိုကိုထွေးက ဖိနပ်မေ့ကျန်၍ ပြန်ယူရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထိုအမျိုးသားက ဆိုသည်။ 

“ဖိနပ်ယူဖို့ ပြန်ဝင်လာတဲ့အချိန်မှာ ကျွန်တော့်အစ်ကိုက ရွာထွက်ဝနားမှာ ကျန်ခဲ့တယ်။ သူက (ကိုကိုထွေးက) ရွာထဲဝင်လာတယ်။ ဝင်လာတဲ့အခါ စစ်သားတွေနဲ့ တွေ့ပြီး နဖူး၊ နောက်စေ့တွေ သေနတ်ပြောင်းနဲ့ ထောက်ပြီး ညကြီးမိုးချုပ် ဘယ်သွားတာလဲလို့ မေးတယ်တဲ့။ အဲဒီလိုမေးတော့ သူက ကြက်ပျောက်လို့ ရှာနေတာလို့ ပြောတယ်တဲ့” ဟု ညီဖြစ်သူက ပြောပြသည်။ 

“ကိုကိုထွေးအိမ်ရှင်မကလည်း နာစ့်မ။ သူကလည်း ကျွန်တော့်အိမ်ရှင်မ နာစ့်မဖြစ်တယ် ဘာညာပြောတော့ ဟိုကလည်း လွှတ်ပေးလိုက်တယ်တဲ့။ လွှတ်ပေးလိုက်ပြီးတော့ သူက ကျွန်တော့်အစ်ကိုဆီ ပြန်မသွားတော့ဘူး။ ကျွန်တော့်အစ်ကိုကို ဖမ်းသွားတာကိုလည်း ဘယ်သူမှ မသိလိုက်ကြဘူး”  

ပဒါကျေးရွာအုပ်စုတွင် ရွာ ၃ ရွာရှိပြီး စုစုပေါင်း အိမ်ခြေ ၃၂၀ ခန့်ရှိကြောင်း၊ ထိုအထဲမှ ပေါက်အင်းကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်းလာရောက်သည်မှာ ၃ ကြိမ်ခန့်ရှိပြီဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်လှမြင့်က ပြောသည်။ 

“တစ်ဦးချင်း စစ်ဆေးမေးမြန်းတာတော့မရှိဘူး။ ရပ်မိရပ်ဖတွေကိုခေါ်ပြီး ပြောပြတဲ့ သဘောတော့ရှိတယ်။ သူတို့ကနေပြီးတော့ ဆက်သွယ်မှုတွေမလုပ်ဖို့ကို ပြောတယ်။ ဘာအဖွဲ့အစည်းနဲ့လဲဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လို့ ပြောပါတယ်” ဟု သူက ဆိုသည်။ 

ယခုအတွင်း ရခိုင်တောင်ပိုင်း တောင်ကုတ်နှင့် မာန်အောင်မြို့နယ်တို့တွင် ဒေသခံများကို AA နှင့် အဆက်အသွယ်မလုပ်ရန်၊ ထောက်ပံ့မှု ထောက်ခံမှု မပြုရန် သတိပေးတတ်သည်ဟု ဒေသခံများထံမှ သိရသည်။ 

ရခိုင်ပြည်နယ်တွင် AA နှင့်တိုက်ပွဲများ ရပ်တန့်နေသော်လည်း စစ်ကောင်စီက ဒေသခံများကို AA , PDF  သံသယများဖြင့် ဖမ်းဆီးထိန်းသိမ်း၊ အမှုဖွင့်နေသည်။

Show More

Related Articles

Back to top button