ရခိုင်ပြည်နယ်တွင် ၇ နှစ်ကြာ တာဝန်ထမ်းဆောင်စဉ်အတွင်း ရိုဟင်ဂျင်အရေးအခင်းတွင်လည်း ပါဝင်ဖူးကြောင်း ဘူးသီးတောင်မြို့နယ်အခြေစိုက် အမှတ် ၂၃၃ ခြေလျင်တပ်ရင်း (ခလရ ၂၃၃) မှနေ၍ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသူ ဗိုလ်ကြီးပြည့်ကျော်က ပြောသည်။
ကိုယ်ပိုင်အမှတ် ကြည်း-၅၃၁၆၂၊ စစ်တက္ကသိုလ်အပတ်စဉ် ၅၁ ကျောင်းဆင်း ဗိုလ်ကြီးပြည့်ကျော်မှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်ရင်း ယခုနှစ်ဆန်းပိုင်း၌ CDM ပါဝင်လာသူဖြစ်သည်။
ကချင်ပြည်နယ် ဖားကန့်၊ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်နှင့် ကရင်ပြည်နယ်အတွင်း တပ်မဟာ (၅) နှင့် တိုက်ပွဲများအပြင် ရခိုင်ပြည်နယ်တွင်လည်း ပါဝင်တိုက်ခိုက်ဖူးကြောင်း ဗိုလ်ကြီးပြည့်ကျော်က Myanmar Now ကို ပြောသည်။
“ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာအရေးအခင်းတွေ ဖြစ်ခဲ့တယ်။ အဲဒီမှာ ပါဝင်ခဲ့တယ်။ နောက်ဆုံး ဒီ ၂၀၁၈/ ၁၉ မှာ AA (ရက္ခိုင့်တပ်တော်)နဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာလည်း ပါဝင်ခဲ့တယ်” ဟု ၎င်းက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောသည်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICJ) တွင် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်အတွင်း စစ်တပ်က ကျူးလွန်ခဲ့သော စစ်ဆင်ရေးများနှင့် ပတ်သက်၍မူ ၎င်းက အသေးစိတ်ထုတ်မပြောနိုင်သေးဟု ဆိုသည်။
စစ်တပ်က ရိုဟင်ဂျာအများအပြားကို သတ်ဖြတ်၊ ရွာလုံးကျွတ် မီးရှို့သဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံရသူ သိန်းနှင့်ချီ ရှိသည်။
ဗိုလ်ကြီးပြည့်ကျော်က ပြီးခဲ့သည့် ဒီဇင်ဘာလလယ်ပိုင်းတွင် CDM ဝင်ရန် စာရင်းပေးခဲ့ပြီးနောက် တစ်လနီးပါးအကြာတွင် စစ်တပ်ကို စွန့်ခွာလာနိုင်ခဲ့ကြောင်း၊ တာဝန်ထမ်းဆောင်စဉ် လူသစ်ရှာဖွေစုဆောင်းပေးခဲ့ရကြောင်းလည်း ၎င်းက ပြောသည်။
လေးလတစ်ကြိမ် တပ်သားသစ်နှစ်ဦး မဖြစ်မနေ ရှာပေးရသည်ဆိုသော်လည်း အသေးစိတ်ကိုမူ ဗိုလ်ကြီးပြည့်ကျော်က ထုတ်မပြောပေ။
မဲစာရင်းအကြောင်းပြ အာဏာသိမ်းသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏လုပ်ရပ်ကို လက်မခံနိုင်သောကြောင့် မိသားစုပါခေါ်၍ CDM တွင် ပါဝင်လာခြင်းဖြစ်သည်ဟုလည်း အသက် ၃၀ ကျော်အရွယ် ဗိုလ်ကြီးပြည့်ကျော်က ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပြောသည်။
“သိသလောက်ကတော့ မဲက အောင်အောင်မြင်မြင်နဲ့ ပြီးသွားပြီပဲ။ သူတို့တွေလည်း လက်ခံပြီးသွားပြီပဲ။ လက်ခံပြီးတော့မှ မဲပြန်စစ်မယ်ဆိုတော့ သွေးရိုးသားရိုးမဟုတ်ဘဲနဲ့ အကောက်ကြံတယ်လို့ပဲ မြင်တယ်။ အာဏာသိမ်းလိုက်တဲ့ခေါင်းစဉ်ကြီးကဗျာ လူကြားလို့မှ မကောင်းဘူးဗျာ” ဟု ၎င်းက ပြောသည်။
မိသားစုလိုက် လွတ်မြောက်နယ်မြေသို့ ခရီးထွက်လာစဉ် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များ၌ ခရီးသွားပြည်သူများထံမှ အကြောင်းပြချက်မရှိ ငွေတောင်းယူနေကြသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။
စစ်ကောင်စီကို အန်တုသည့် ရဲနှင့် စစ်သားအရေအတွက်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ၌ပင် ၈၀၀၀ ကျော်အထိ ရှိပြီး၊ စစ်သား ၂၀၀၀၊ ရဲ ၆၀၀၀ ကျော်အနက် အရာရှိအဆင့် ရာဂဏန်းအထိ ပါဝင်ကြောင်း CDM စစ်သားများ စုစည်းဖွဲ့စည်းထားသည့် ပြည်သူ့ရင်ခွင်အဖွဲ့မှ ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် တစ်နှစ်ကျော်ကြာသည်အထိ ဆန့်ကျင်ဆန္ဒပြမှုများ ရင်ဆိုင်နေရသည့်ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အပါအဝင် ဒေသအချို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် တိုက်ပွဲဖြစ်နေသည်။
စစ်မျက်နှာအများအပြားတွင် လပေါင်းများစွာ တိုက်ပွဲဆက်နေသဖြင့် အင်အားပြုန်းတီးလာချိန်တွင် စစ်ကောင်စီက ၎င်း၏ထောက်ခံသူများကို ပြည်သူ့စစ်တပ်ဖွဲ့ အမည်ခံကာ လက်နက်တပ်ဆင်ပေးခြင်းအပြင် စစ်မှုမထမ်းမနေရဥပဒေကိုပင် အသက်သွင်းရန် လေသံပစ်လာသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)