သတင်း

ရိခေါဒါရ်တွင် မတ်လဆန်းမှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေ

ချင်းပြည်နယ်၏ နာမည်ကျော် အသည်းပုံရိဒ်ရေကန် တည်ရှိရာ ရိခေါရ်ဒါမြို့ အမှတ် ၂ ရပ်ကွက် တပ်စခန်းကို ယနေ့ (မတ် ၁၂) နံနက်ပိုင်းက သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ပြောသည်။ 

ယခုလဆန်းပိုင်းမှစ၍ အင်အားတိုးမြှင့်ချထားသည့် စခန်းကို နံနက် ၆ နာရီဝန်းကျင်တွင် သွားရောက်တိုက်ခိုက်ရာ တစ်နာရီဝန်းကျင်ကြာ အပြန်အလှန်ပစ်ခတ်ကြကြောင်း CNDF ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

“သူတို့ဘက်က ၃ ယောက် ကျတယ်။ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်မှု မရှိဘူး။ ပြန်ဆုတ်နိုင်ခဲ့တယ်” ဟု သူက ပြောသည်။

“သူတို့ဘက်ကပစ်လိုက်တာက အိန္ဒိယဘက် ဇိုကထာရ်က အိမ်တစ်အိမ်ကို ကျည်ကျတယ်” 

ထိုမြို့တွင် လုံခြုံရေးအင်အား နည်းနေကြောင်း စစ်ကောင်စီခန့် ချင်းဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က နေပြည်တော်သို့ သွားရောက်တင်ပြပြီး နှစ်ပတ်ကျော်အကြာတွင် စစ်သည်အင်အား တိုးချဲ့ချထားခြင်း ဖြစ်သည်။ 

မြန်မာ- အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးချိတ်ဆက်ရာ ဖလမ်းမြို့နယ်၊ ရိဒ်ကုန်သွယ်ရေးစခန်းနှင့် နှစ်မိုင်ခန့်အကွာတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက စိုးမိုးကာ အခွန်ကောက်ခံနေသဖြင့် စစ်ကောင်စီပုံရိပ် ကျဆင်းနေသည်ဟု ဦးငွန်ဆန်းအောင်က နေပြည်တော်တွင် တင်ပြခဲ့ကြောင်း ထွက်ပေါ်လာသည့် အစည်းအဝေးမှတ်တမ်းအရ သိရသည်။ 

မတ်လ ၁ ရက်နေ့မှစ၍ ရိခေါဒါရ်မြို့ အမှတ် (၂) ရပ်ကွက် တီအိုချောင်းအနီး တပ်စခန်းတွင် စစ်တပ်က အင်အား ၃၀ နီးပါး ဖြည့်တင်းခဲ့ပြီးနောက် ဒေသခံကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီတပ်စခန်းနှစ်ခုကို မကြာခဏ သွားရောက်တိုက်ခိုက်ခဲ့သည်။

မတ် ၅ ရက်နေ့ နံနက်ပိုင်းက ရိခေါ်ဒါမြို့ရှိ တပ်စခန်းနှစ်ခုကို သီးခြားစီသွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၉ ဦး သေဆုံးသည်၊၊ မတ် ၇ ရက်နေ့ ညပိုင်းကလည်း အမှတ် ၂ ရပ်ကွက်ရှိ တပ်စခန်းကို သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးသည်ဟု CNDF ထုတ်ပြန်ထားသည်။ CNDF ဘက်မှ ထိခိုက်မှုမရှိဟု ဆိုသည်။

ထိုထုတ်ပြန်ချက်ပါ ကိန်းဂဏန်းများနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီ ထုတ်ပြန်သည့် တိုက်ပွဲသတင်းအနည်းငယ်တွင်လည်း ထိုအကြောင်းအရာများ ပါဝင်ခြင်း မရှိပေ။

လမ်းပန်းဆက်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာကျပြီး နယ်စပ်ဂိတ်နှင့် တံတားရှိသည့် ရိခေါ်ဒါမြို့ အမှတ် ၂ ရပ်ကွက်တွင် စစ်တပ်က အင်အားတိုးမြှင့်ချထားသော်လည်း နယ်မြေစိုးမိုးနိုင်မှုမရှိသေးဘဲ တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ခြေရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက မှတ်ချက်ပြုသည်။

“သူတို့စခန်းချတဲ့နေရာတစ်ဝိုက်ပဲ သူတို့စိုးမိုးနိုင်တယ်။ ကျွန်တော်တို့ကတော့ သူတို့ကို ပတ်ပတ်လည်မှာ ဝန်းရံပြီး ပိတ်ဆို့ထားနိုင်တယ်။ အင်အား ထပ်မရောက်ရင်တော့ ကျွန်တော်တို့လွယ်လွယ်လေးနဲ့ ထိန်းထားနိုင်တဲ့သဘောရှိတယ်” ဟု ဖလမ်းမြို့နယ်တွင် အဓိကအခြေစိုက်လှုပ်ရှားသည့် CDF – Hualngoram အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ရိခေါ်ဒါမြို့ အမှတ် ၂ ရပ်ကွက်သို့ တိုးချဲ့ချထားသည့် စစ်ကောင်စီအဖွဲ့ဝင်များအနက် ရဲတပ်သား ၄ ဦးမှာ မတ် ၆ ရက်နေ့က ဘက်ပြောင်းလာကြကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ စစ်ရေးတင်းမာပြီး တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့် ရိခေါ်ဒါ မြို့မှ လူဦးရေ ၂၀၀၀ နီးပါးမှာ ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ တစ်ဖက်နိုင်ငံ မီဇိုရမ်ပြည်နယ်၊ ဇိုကထာရ်ရွာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button