မကွေးတိုင်းအနောက်ပိုင်းတွင် ဆောမြို့မှ ကျောက်ထုမြို့နယ်သို့ ဦးတည်ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းကို ဒေသခံ PDF အဖွဲ့များ ဝိုင်းဝန်းကာ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ကြောင်း ဆော-PDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ချင်းပြည်နယ်၊ ကျင်ဒွေးမြို့နယ်မှ ပြန်ဆင်းလာပြီး ဆောမြို့နယ်တွင် ရက်အနည်းငယ် တပ်စွဲကာ မတ် ၇ ရက်မှစ၍ ကျောက်ထုမြို့နယ်ဘက်သို့ ဆက်လက်ချီတက်လာခြင်းဖြစ်သည်။
စစ်ကား ၁၀ စီးကျော်နှင့် စစ်သည်အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ချင်းပြည်နယ် မင်းတပ်နှင့် ကန်ပက်လက်အခြေစိုက် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) အဖွဲ့များနှင့်အတူ မတ် ၈ ရက်မှစ၍ နှစ်ရက်ဆက် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆောမြို့နယ်-PDF အဖွဲ့ဝင်က Myanmar Now ကို ပြောသည်။
မတ် ၈ ရက်က စစ်ကောင်စီစစ်ကြောင်းကို ဆော-ကျောက်ထုလမ်းပေါ်ရှိ အညာကတင်းကျေးရွာအကျော်တွင် မိုင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရသည်ဟု ဆော-PDF အဖွဲ့ ပြန်ကြားရေးအဖွဲ့ဝင်က ဆိုသည်။
“သူတို့ (စစ်ကောင်စီ) ဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်ပစ်တယ်။ အဲဒီနေ့က မိုင်းတိုးမိပြီး လက်နက်ကြီးနဲ့လည်း ပစ်ကြတော့ သူတို့ဘက်က ၁၀ ယောက်လောက် ထိခိုက်ကျဆုံးမှုရှိတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ စစ်ကြောင်းမှာ ဆက်လက်ထွက်ခွာခဲ့ပြီး ကွီးချောင်းရွာတွင် ညအိပ်ရပ်နားခဲ့ကြောင်း၊ ယမန်နေ့ နံနက်ပိုင်းတွင် ဆောမြို့နှင့် ၁၀ မိုင်ခန့်အကွာ ကချောင်းတံတားအနီးတွင် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
လမ်းမကြီးအနီးမှ ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ဆော-PDF နှင့် မဟာမိတ်အဖွဲ့များက လမ်းဘေးဝဲယာမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ကြသည်ဟု ဆိုသည်။
အချိန် ၂ နာရီနီးပါးကြာသည့် ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒေသခံ PDF များဘက်မှ ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း ဆော-PDF ပြန်ကြားရေးအဖွဲ့ဝင်က ပြောသည်။
“သူတို့(စစ်ကောင်စီ)ကလည်း သွားရင်းနဲ့ တိုက်ပွဲဖော်တယ် မရပ်ဘူး၊ ကျွန်တော်တို့ကလည်း ပစ်ကွင်း၊ သတ်ကွင်း ကောင်းမဲ့နေရာကို ရွေးပြီးတော့ တိုက်ခိုက်ခဲ့တဲ့အတွက် ကျွန်တော်တို့ဘက်က အကျအဆုံးမရှိဘူး”
နှစ်ရက်တာ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စစ်ကြောင်းမှာ ယနေ့ (မတ် ၁၀) တွင် လယ်ကြီးအိုင်ဆိုသော ရွာတွင် ရပ်နားကာ ပျက်စီးသည့်ကားတစ်စီးကို ပြင်နေသည့်ပြင် ဒဏ်ရာရသူများကို ဆေးကုပေးနေသည်ဟု သိရကြောင်းလည်း ဒေသခံများကို ကိုးကား၍ အထက်ပါ PDF ပြန်ကြားရေးအဖွဲ့ဝင်ထံမှ သိရသည်။
ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များနှင့် ဆက်စပ်နေသည့် မကွေးတိုင်းအနောက်ခြမ်းဒေသများတွင် ပြီးခဲ့သည့်လဆန်းပိုင်းမှစ၍ စစ်ကောင်စီစစ်ကြောင်းများကို ဒေသခံ PDF အဖွဲ့များက မကြာခဏ ကြားဖြတ်တိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)