
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်တွင် မကွေးတိုင်း ကျောက်ထုမြို့နယ်မှ အင်အားဖြည့်ရန် ခြေလျင်တက်လာသည့် စစ်ကောင်စီစစ်ကြောင်း သုံးခုကို ခုခံတိုက်ခိုက်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
စစ်ကြောင်းတစ်ခုလျှင် အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်များကို မတ် ၄ နှင့် ၇ ရက်များတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီဘက်မှ ၁၃ ဦးထက်မနည်း သေဆုံးနိုင်သည်ဟု ချင်း – မကွေး နယ်စပ်တွင် လှုပ်ရှားနေသည့် CDF-ကန်ပက်လက်ထံမှ သိရသည်။
မတ် ၄ ရက် မွန်းလွဲပိုင်းတွင် စစ်တပ်က စတင်စစ်ကြောင်းထိုးလာခြင်းဖြစ်ကာ စနစ်တကျခုခံနိုင်ခဲ့သည့်အတွက် ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးခြင်း မရှိဘဲ ထိုနေ့တွင် စစ်ကောင်စီဘက် ၇ ဦးသေဆုံးခဲ့သည်ဟု ထိုပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“သူတို့က( စစ်ကောင်စီ) အကုန်ရမ်းသန်းပစ်တယ်၊ ကျည်ဆန်ပေါတော့။ ကျွန်တော်တို့က သေချာမှပဲ ပစ်နိုင်တယ်။ ရေရှည်ကျတော့ ကျွန်တော်တို့ပဲ နောက်ဆုတ်ပေးရတာပေါ့” ဟု ၎င်းက ပြောသည်။
မတ် ၇ ရက်တွင် ထိုစစ်ကြောင်းသုံးခုအနက် စစ်ကြောင်းနှစ်ခုဖြင့် ကန်ပက်လက်မြို့မြောက်ဘက်ရှိ ဆောက်လက်စ လေယာဉ်ကွင်းအနီးတွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲတွင် ကန်ပက်လက်မြို့တွင်းရှိ စစ်တပ်က အမြောက်ပစ်ကူများပေးခဲ့ပြီး တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
မြေပြင်အချက်အလက်များနှင့် စစ်တပ်ဘက်မှရရှိသော သတင်းများအရ ကန်ပက်လက်မြို့အနီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် ၆ ဦးသေဆုံးခဲ့သည်ဟု CDF-ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အထက်ပါ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ သေဆုံးအရေအတွက်နှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်ပြင် စစ်ကောင်စီတာဝန်ရှိသူများကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
ထိုသို့ ရက်ဆက် ခုခံတိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီစစ်ကြောင်းမှာ ယမန်နေ့ ညနေပိုင်းတွင် ကန်ပက်လက်မြို့တွင်းသို့ ဝင်ရောက်သွားနိုင်သည်ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ကန်ပက်လက်မြို့တွင်း၌ လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၅၀ ခန့်အထိ ရှိနေပြီး မြို့ပေါ်ရှိ စာသင်ကျောင်း၊ ရဲစခန်း၊ မြို့နယ်ပညာရေးမှူးရုံး အပါအဝင် နေရာအနှံ့တွင် တပ်စွဲထားသည်ဟု သိရသည်။
“မနေ့ တိုက်ပွဲကတော့ သင်ခန်းစာပဲ။ တားဆီးလို့ရနိုင်ရဲ့သားနဲ့ လက်နက်အင်အား၊ ကျည်ဆန်အင်အား ကွာခြားတာနဲ့ သူတို့ မြို့ထဲဝင်တာကို ကျွန်တော်တို့ ခွင့်ပြုလိုက်ရတယ်” ဟု CDF-ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ယနေ့ (မတ် ၈) တွင် ပြောသည်။
စစ်ကောင်စီစစ်ကြောင်းတစ်ခုမှာ မြို့ပြင် တောထဲတွင် ဆက်လက်လှုပ်ရှားနေဆဲဖြစ်သည့်အတွက် ကန်ပက်လက်တွင် လာမည့်ရက်များအတွင်း တိုက်ပွဲဆက်ဖြစ်နိုင်သည်ဟု ၎င်းက ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းများမှာ ပြီးခဲ့သည့်လကုန်ပိုင်းတွင် မကွေးတိုင်း ကျောက်ထုမြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ကာ ချင်း-မကွေးနယ်စပ်တွင် ၎င်းတို့စခန်းကို ဝင်ရောက်စီးနင်းသွားကြောင်း ကျောက်ထု PDF အဖွဲ့မှ ဗိုလ်ဝေလဆိုသူက ပြောသည်။
သတင်းကြိုရထားသည့်အတွက် သင်တန်းသားအားလုံး တိမ်းရှောင်နိုင်ခဲ့သော်လည်း ဆိုင်ကယ်အချို့ မီးရှို့ဖျက်ဆီးခံရသည်ဟု ဗိုလ်ဝေလက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ချင်းပြည်နယ်တောင်ဘက်စွန်းရှိ ကျင်ဒွေးမြို့ကို ရိက္ခာနှင့် စစ်ကူများ သွားရောက်ပို့ဆောင်သည့် စစ်ကောင်စီစစ်ကြောင်းကို အပြန်လမ်းတွင် ဒေသခံ PDF များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)