
ချင်းပြည်နယ်မှ ဆင်းလာသည့် စစ်ကြောင်းကို မကွေးတိုင်း၊ လောင်းရှည်နှင့် ဆောမြို့နယ်အကြား တိုက်ခိုက်ရာ စစ်သား ၅ ဦး ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရသည်ဟု ဆော-PDF အဖွဲ့က ပြောသည်။
ဖေဖော်ဝါရီနှောင်းပိုင်းက ချင်းပြည်နယ်၊ ကျင်ဒွေးမြို့သို့ ရိက္ခာနှင့် စစ်ကူပို့ပြီးပြန်လာသည့် စစ်ကြောင်းမှာ မတ် ၃ တွင် အင်အား ၁၄၀ ခန့်ဖြင့် လောင်းရှည်မြို့မှ ဆောမြို့သို့ ဦးတည်ထွက်ခွာလာခြင်း ဖြစ်သည်။
လောင်းရှည်-ဆော လမ်းမကြီး၏ လမ်းဘေးဝဲယာမှ စစ်ကြောင်းနှစ်ကြောင်းခွဲကာ ချီတက်လာသော စစ်သားများနှင့် ၎င်းတို့၏နောက်မှ လူနာများတင်လာသည့် စစ်ကား ၁၆ စီးကို လောင်းရှည်၊ ဆော PDF များနှင့် ညောင်ဦးမြို့အခြေစိုက် ညောင်ရမ်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“မိုင်းလည်း ဆွဲတယ်၊ လက်နက်ကြီးရော လက်နက်ငယ်ရော ပစ်တော့ သူတို့(စစ်ကောင်စီ)ဘက်က တော်တော်အထိများကြတယ်” ဟု ဆော-PDF အဖွဲ့၏ တပ်ရင်းမှူးဆိုသူက ပြောသည်။
မတ် ၃ ရက်နေ့ တိုက်ခိုက်မှုအတွင်း လောင်းရှည်-PDF နှင့် ဆော-PDF တို့က ရှေ့နောက်ညှပ်ပိတ်ကာ နံနက် ၁၁ နာရီမှ မွန်းလွဲ ၄ နာရီခန့်အထိ တိုက်ခိုက်ခဲ့သည်ဟု လောင်းရှည်-PDF အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ထိုစစ်ကြောင်း လောင်းရှည်မြို့မှ မထွက်ခင်ကတည်းက လမ်းတွင် တိုက်မိုင်းများထောင်ကာ မိုင်းကွင်း ၅ နေရာခန့် ဆင်ထားခဲ့ခြင်းဖြစ်ပြီး စစ်ယာဉ်တန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ပြောသည်။
“သူတို့(စစ်ကောင်စီ)နဲ့ အရမ်းကပ်နေတော့ ထိတွေ့မှုက တော်တော်ပြင်းထန်ခဲ့တယ်၊ သူတို့ယာဉ်တန်းကို ဆောနယ်ထဲ မရောက်ခင်အထိကို ကျွန်တော်တို့နောက်ကနေ လိုက်တိုက်တာ” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီစစ်ကြောင်းကလည်း ရှေ့မှ ဆော PDF များသာမက နောက်မှပိတ်ထားသည့် လောင်းရှည် PDF အဖွဲ့ကိုပါ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။
မတ် ၄ ရက်တွင် နံနက် ၆ နာရီမှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ရာ စစ်သား ၃ ဦး သေဆုံးသွားကြောင်း၊ အခြားတိုက်ခိုက်မှုများအတွင်း နောက်ထပ် ၂ ဦး သေဆုံးကြောင်း အဆိုပါ ဆော PDF တပ်ရင်းမှူးက ပြောသည်။
တိုက်ပွဲပြီးသည့်နောက် PDF များက ၎င်းတို့ မိုင်းဆင်ထားသည့်နေရာများကို စစ်ဆေးရာ သွေးကွက်နှင့် ဆေးပတ်တီး အများအပြားတွေ့ခဲ့ရသည့်အတွက် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုမှာ ခန့်မှန်းထားသည်ထက် ပိုများနိုင်သည်ဟု ၎င်းက ဆိုသည်။
တိုက်ပွဲအတွင်း စစ်ယာဉ်တန်းကို လက်နက်ကြီးဖြင့် အလုံး ၈၀ ကျော် ပစ်ခတ်ခဲ့ပြီး စစ်ကား ၄ စီးထက်မနည်း ပျက်စီးကာ ယာဉ်ပေါ်ပါသည့် စစ်သားအချို့လည်း ထိခိုက်နိုင်သည်ဟု ဆော-PDF က ခန့်မှန်းသည်။
အဆိုပါစစ်ကြောင်းမှာ ၁၂ မိုင်ခန့်သာဝေးသည့် လောင်းရှည်-ဆောလမ်းပိုင်းကို နှစ်ရက်ကြာ ချီတက်ခဲ့ရပြီး မတ် ၁၄ ရက် ညနေပိုင်းတွင်မှ ဆောမြို့နယ်သို့ ရောက်ရှိခဲ့သည်ဟု သိရသည်။
ထို့ပြင် ဆောမြို့နှင့် ၄ မိုင်ခန့်သာကွာဝေးသည့် သီးကုန်းရွာရှိ ဈေးဆိုင်တစ်ခုကို ဖောက်ထွင်းပြီး ဆိုင်မှ ကုန်ပစ္စည်းများကို ထိုစစ်ကြောင်းက အားလုံးယူသွားသလို ဆောမြို့အဝင် အရက်ဆိုင်မှ အရက်ပုလင်းများကိုလည်း လုယူသွားသည်ဟု ဆော-PDF အဖွဲ့က ပြောသည်။
စစ်သားများက ခိုးယူ လုယူသည် ဟူသော PDF ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ တုံ့ပြန်ချက်ရရှိရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးသလို ထိုတိုက်ပွဲများအကြောင်းကိုလည်း စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။
ထိုစစ်ကြောင်းတွင် တပ်မ ၉၉ လက်အောက်ခံတပ်များအပြင် မုံရွာ၊ မကွေးနှင့် အခြားဒေသမှ တပ်များလည်း ပါဝင်နေသည်ကို စစ်သားများ၏ လက်မောင်းတံဆိပ်များအရ သိရသည်ဟု ပူးပေါင်းအဖွဲ့က ပြောသည်။
ယခုတိုက်ခိုက်ခံရသည့် စစ်ကြောင်းမှာ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ပခုက္ကူမြို့မှ ထွက်ခွာလာကာ ချင်းပြည်နယ်တောင်ပိုင်း ကျင်ဒွေးမြို့ကို ရိက္ခာနှင့် စစ်ကူသွားပို့ခဲ့ရာ ချင်းပြည်နယ်ခရီးစဉ်တစ်လျှောက် မကွေး-PDF များနှင့် ချင်း-CDF များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
အာဏာသိမ်းစစ်တပ်က ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် နိုင်ငံအနှံ့ရှိ လက်နက်ကိုင်တော်လှန်သူများကို ရင်ဆိုင်နေရပြီး ချင်း-မကွေးနယ်စပ်တစ်လျှောက် တိုက်ပွဲများတွင်လည်း အကျအဆုံးများကာ အထိနာလျက်ရှိနေသည်။
တိုက်ပွဲဝင်လက်နက် အားနည်းသော PDF များလည်း အကျအဆုံးများနေပြီး PDF တို့ ဝင်ထွက်သည်ဟု ယူဆရသော ရွာတချို့ ရွာလုံးကျွတ် မီးရှို့ခံနေရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)