သတင်း

မန္တလေးမြို့ပေါ်တွင် နှစ်ရက်ဆက် ဗုံးဖြင့်ပစ်ခံရ၍ ရဲအချို့ဒဏ်ရာရ

မန္တလေးမြို့ပေါ်တွင် ယာဉ်များကို စစ်ဆေးနေသည့် ရဲတပ်ဖွဲ့ဝင်များ နှစ်ရက်ဆက်တိုက် ဗုံးပစ်ခံရ၍ နှစ်ဦး ဒဏ်ရာရသွားသည်ဟု ရဲသတင်းရင်းမြစ်က အတည်ပြုသည်။

မတ် ၁ ရက်နေ့ မွန်းလွဲပိုင်းက ချမ်းမြသာစည်မြို့နယ် ၇၃ လမ်းနှင့် ၁၀၇ လမ်း လမ်းဆုံတွင် ယာဉ်စစ်နေသည့် ရဲများ ဗုံးပစ်တိုက်ခိုက်ရပြီး ထိုဖြစ်စဉ်တွင် ထိခိုက်မှုမရှိဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။ 

သို့သော် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန် အဝေးပြေးယာဉ်ရပ်နားစခန်းအနီးတွင် ယမန်နေ့ (မတ် ၂) က ထပ်မံတိုက်ခိုက်ခံရချိန်တွင် ရဲတပ်သားနှစ်ဦး ဒဏ်ရာရသွားသည်ဟု ထိုသူက အတည်ပြုသည်။

ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေးလမ်းနှင့် ကျန်စစ်သားလမ်း လမ်းဆုံတွင် တိုက်ခိုက်ခံရခြင်း ဖြစ်ကာ တာဝန်ကျ ရဲတပ်သား ငြိမ်းချမ်းအောင်မှာ ယာဒူးခေါင်း၊ ယာပေါင်တွင် ဒဏ်ရာရရှိပြီး ရဲတပ်သား ချစ်ကိုကိုမှာ မေးစေ့မှတစ်ဆင့် ဗုံးစဖောက်ဝင် ဒဏ်ရာရခဲ့ကြောင်း အထက်ပါ ပုဂ္ဂိုလ်ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်ခံရမှု နှစ်ကြိမ်စလုံးတွင် ရဲတပ်ဖွဲ့အသုံးပြုသည့် အိမ်စီးကားများ ထိခိုက်မှုရှိသည်ဟု ၎င်းက ပြောသည်။

ယမန်နေ့ (မတ်၂) က ပြည်ကြီးတံခွန်မြို့နယ်အတွင်း ရဲတပ်ဖွဲ့ ဗုံးပစ်ခံရသည့် ဖြစ်စဉ်ကိုမူ ထိုနေရာအနီး နေထိုင်သူတစ်ဦးက ဟုတ်မှန်ကြောင်း ပြောသည်။

“လမ်းပိတ်ပြီး ဆိုင်ကယ်တွေ၊ ကားတွေကို ငွေညှစ်နေတဲ့အဖွဲ့တွေ၊ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရတယ်။ မနေ့က ကျွဲဆည်ကန်ကားကွင်းနားမှာတော့ နှစ်ယောက်သုံးယောက်ထိတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုများကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို ရှင်းလင်းစွာ မသိရပေ။ ထို့အတူ စစ်ကောင်စီတာဝန်ရှိသူများကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

ချမ်းမြသာစည်မြို့နယ်အတွင်း မတ် ၁ ရက်က တိုက်ခိုက်ခံရမှုတစ်ခု ရှိသည်ဆိုသော်လည်း သီးခြားအတည်မပြုနိုင်ပေ။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြဆန့်ကျင်လျှင်ပင် သေနတ်ဖြင့် ပစ်နေသည့် စစ်ကောင်စီကို တုံ့ပြန်ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ မန္တလေးတွင် မကြာခဏ ပေါ်ပေါက်နေသည်။

စစ်ကောင်စီကလည်း မန္တလေးရှိ မြို့နယ်များ၊ ရပ်ကွက်များကို ပိုက်စိပ်တိုက်ရှာဖွေမှုများ၊ လမ်းများကို ပိတ်ဆို့၍ စစ်ဆေးကာ ခြိမ်းခြောက်ငွေညှစ်မှုများ တောက်လျှောက်လုပ်နေ၍ လူမှုစီးပွားဘဝ ထိခိုက်နေသည်ဟု မြို့ခံများက ပြောထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button