သတင်း

ပူတာအိုတွင် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ယမန်နေ့ (မတ် ၁) တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏  ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပူတာအိုမြို့၏ အရှေ့တောင်ဘက် မိုင် ၄၀ ခန့်အကွာ အင်စီးယန်ကျေးရွာအနီး ယမန်နေ့ နံနက်က စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မနေ့က အင်စီးယန်နားမှာ မြေပြင်တိုက်ပွဲရှိပါတယ်၊ မနက်ပိုင်းမှာပါ၊ ညနေပိုင်းမှာတော့ စစ်ကောင်စီဘက်ကနေ လေကြောင်းနဲ့ ပစ်ကူတာရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့တွင် Myanmar Now ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်သည့်နေရာမှ တောင်ဘက် ၃ မိုင်ခန့်အကွာ ဆွမ်ပီယန်စခန်းကုန်းတို့ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်သည်ဟု ဆွမ်ပီယန်ကျေးရွာမှ အသက် ၄၀ ခန့်ရှိ အမျိုးသားတစ်ဦးကလည်း ပြောသည်။

“တစ်နေကုန်လုံး ကြားနေရတယ်၊ မိုင်းသံတွေ၊ သေနတ်သံတွေ အတိုင်းသားပဲ။ ကျွန်တော်တို့လည်း ကြောက်လို့ သတိထားနေရတယ်” ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီနှောင်းပိုင်း၌ ပူတာအိုကို လေယာဉ်ဖြင့် ပို့ဆောင်ထားသည့် စစ်ကူ စစ်သားအင်အား ၁၀၀ ခန့်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့် အင်စီးယန်၊ ဆွမ်ပီယန် စသည့် ကျေးရွာများသို့ ရောက်ရှိလာစဉ် KIA နှင့် PDF ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ တွင် ဆွမ်ပီယန်ရွာအနီးရှိ ပြည်သူ့စစ်စခန်းကို KIA နှင့် PDF တို့ တိုက်ခိုက်သိမ်းပိုက်ပြီးသည့်နောက် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည့်အတွက် နေအိမ်အချို့ မီးလောင်ခဲ့ပြီး ဒေသခံ ၅ ဦး ဒဏ်ရာရခဲ့သည်။

ယခင်က စစ်တပ်သာထိုင်သည့် စခန်းဖြစ်သော်လည်း ပြီးခဲ့သည့် ၁ နှစ်ခန့်မှစ၍ ပြည်သူ့စစ်များ စခန်းချနေခြင်းဖြစ်ပြီး KIA က လက်ရှိတွင် နေရာယူထားသည်။

အဆိုပါတိုက်ပွဲကြောင့် ထိုစဉ်ကတည်းက ရွာအနောက်ဘက်ရှိ တောထဲတွင် ရှောင်တိမ်းနေသော ဆွမ်ပီယန်ဒေသခံ ၁၀၀၀ ခန့်ရှိပြီး ယမန်နေ့တိုက်ပွဲကြောင့် နောက်ထပ်ဒေသခံ ၆၀၀ ခန့် ရောက်ရှိလာကြောင်း အသက် ၄၀ အရွယ် အထက်ပါ ဆွမ်ပီယန်ရွာသားက ပြောသည်။

“မနေ့က ညနေထဲက စပြောင်းလာကြတာ၊ ဒီနေ့လည်း ရောက်လာနေတုန်းပဲ၊ တချို့ဆို အဝတ်အစားလောက်ပဲ ပါလာကြတယ်” ဟု ၎င်းက ဆိုသည်။

အင်စီးယန်ကျေးရွာအနီးရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း(၄၅၁) စခန်းထိုင်ထားသည့် ရှိန်ဂတ်ဘွတ်တောင်အနီးတွင် ဖေဖော်ဝါရီလလယ်ခန့်မှစ၍ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး တောင်ခြေတစ်ဝိုက်နှင့် အင်းစီးယန်ရွာအနီးဝန်းကျင်၌ စစ်ကောင်စီတပ်များနှင့် KIA တပ်များပါ လှုပ်ရှားနေကြခြင်း ဖြစ်သည်။

ယနေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ နှစ်ဖက်တပ်များအကြား အခြေအနေစောင့်ကြည့်နေဆဲဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“အခုနောက်ပိုင်းမှာတော့ တိုက်ပွဲတွေ ပြန်မဖြစ်သေးဘူး၊ အားလုံးကတော့ တင်းမာတဲ့အနေအထားမှာပဲ ရှိနေတယ်” ဟု ဆိုသည်။

စစ်ကောင်စီ အာဏာမသိမ်းမီက ပူတာအိုဒေသမှာ အခြားကချင်ဒေသများနှင့် မတူဘဲ တိုက်ပွဲများ မရှိသလောက် နည်းပါးခဲ့သည်။ အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန်ရန် ဗမာပြည်သူ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြီးခဲ့သည့်လများအတွင်း နှစ်ကြိမ်တိုင် ထုတ်ဖော်ပြောဆိုထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button