
မကွေးတိုင်းမှ ချင်းပြည်နယ်သို့ တက်သည့် စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာ တစ်ပတ်အတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်များက ပြောသည်။
CDF ကန်ပက်လက် ဒေသကာကွယ်ရေးတပ်၊ ဆော-PDF နှင့် ချင်းအမျိုးသားတပ်မတော်(CNA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့ အင်အား ၂၅၀ ခန့် တင်ဆောင်လာသည့် ၁၆ စီးပါ ယာဉ်တန်းကို မကွေးတိုင်း ဆွဲလွဲကျင်းကျေးရွာအကျော် ချင်း-မကွေးနယ်စပ်အနီးတွင် ပူးပေါင်းအဖွဲ့က နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၆ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။
ဖေဖော်ဝါရီ ၂၁ တွင် ချင်းပြည်နယ် မောချောင်းကျေးရွာအနီးတွင် ရှေ့ပြေးပွိုင့်ကို ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့လည်း ရှိခဲ့သည်။
ဖေဖော်ဝါရီ ၂၂ တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံး၍ အရာရှိအချို့အပါအဝင် အများအပြား ဒဏ်ရာရခဲ့သည့်ဟု CDF-ကန်ပက်လက်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ရေရှောင်လမ်းခွဲအနီး မြက်ခင်းပြင်တွင်ဖြစ်ခဲ့သည့် တိုက်ပွဲဟု သိရသည်။
အဆိုပါ မြက်ခင်းပြင်တိုက်ပွဲအတွင်း ဆော-PDF အဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်က ပိုမိုအထိနာခဲ့ခြင်းဖြစ်သည်ဟု ဆော-PDF အဖွဲ့၏ တပ်ရင်းမှူးဆိုသူက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒရုန်းတစ်စီး လက်နက်ငယ်ကျည် ထိမှန်ခဲ့သည်ဟုလည်း ၎င်းက ပြောသည်။
၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၄ တွင် စစ်ကောင်စီတပ်များ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ ရောက်သွားခဲ့သည်ဟု အဆိုပါတပ်ရင်းမှူးက ပြောသည်။
ကျင်ဒွေးရောက်ပြီးနောက် အရာရှိများပါဝင်သည့် ဒဏ်ရာရသူ ၅ ဦးကို ဖေဖော်ဝါရီ ၂၅ တွင် ရဟတ်ယာဉ်ဖြင့် ကျောက်ထုမြို့သို့ သယ်ဆောင်သွားသည်ဟု တော်လှန်ရေးပူးပေါင်းအဖွဲ့က ပြောသည်။
လောင်းရှည်နှင့် ကျင်ဒွေးအကြား ၃၃ မိုင်ခရီးကို စစ်ကောင်စီက တစ်ပတ်ခန့်ကြာအောင် ချီတက်စဉ် လမ်းတစ်လျှောက်ရှိ ကျေးရွာများထဲမှ မဆာဒီး၊ မောချောင်းနှင့် ဆိုင်ဒုတ်ရွာသစ်၊ ဆိုင်ဒုတ်ရွာဟောင်းမှ ဒေသခံ ၈၀၀ ခန့်မှာ နီးစပ်ရာကျေးရွာများနှင့် တောထဲသို့ တိမ်းရှောင်နေရသည်ဟု CDF-ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ထိုယာဉ်တန်းမှာ ဖေဖော်ဝါရီလဆန်းမှစ၍ ပခုက္ကူမြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး လမ်းတစ်လျှောက်တွင် ဆော-PDF နှင့် မဟာမိတ်အဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြသည်။
ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်ကြာသည့် ကျောက်ထု-ဆော လမ်းပိုင်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်မှ ၂၅ ဦးခန့် သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့သည်ဟု ဆော-PDF အဖွဲ့က ဖေဖော်ဝါရီ ၁၄ တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၆ ရက်တွင် ဆော-လောင်းရှည် လမ်းပိုင်းတွင် ထပ်မံတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီမှ ဗိုလ်အဆင့်ရှိ အရာရှိတစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
ဒေသကာကွယ်ရေးအဖွဲ့များ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ချင်းဒေသတိုက်ပွဲအခြေအနေများကို စစ်ကောင်စီသတင်းများတွင် ဖော်ပြလေ့မရှိသလို သတင်းဌာနများ ဆက်သွယ်မေးမြန်းလျှင်လည်း ဖြေကြားလေ့ မရှိပေ။
မကြာသေးမီက ပြည်ပသတင်းသမားတချို့ကို စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက အွန်လိုင်းမှ တွေ့ဆုံစဉ် ချင်းပြည်နယ်အကြောင်း အနည်းငယ်ပြောကြားခဲ့သည်။
“အကြမ်းဖက်အဖွဲ့အစည်းများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့ဒေသများတွင် အကြမ်းဖက်မှုလုပ်ရပ်များကို မကြာခဏလုပ်ဆောင်ပြီး လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိကြောင်း ဝါဒဖြန့်ဆောင်ရွက်နေကြသည်” ဟု သူက ပြောဆိုကြောင်း စစ်ကောင်စီသတင်းစာများတွင် ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဖော်ပြခဲ့သည်။
ရိက္ခာ၊ ခဲယမ်း၊ လူသူပေးပို့နေသည့် စစ်ကောင်စီတပ်ကို ချင်း CDF များနှင့် မကွေးတိုင်း ယောဒေသ PDF များက မဟာမိတ်ဖွဲ့ကာ ပူးပေါင်းတိုက်ခိုက်နေကြသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)