သတင်း

ငွေတောင်းနေသည့် စစ်သားများကို တိုက်ခိုက်၊ နှစ်ဦးသေဟု ရေစကြို PDF ပြော

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရွာအနီး၌ စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ (ဖေဖော်ဝါရီ ၂၅) မွန်းလွဲပိုင်းတွင် တိုက်ခိုက်ရာ နှစ်ဦး သေဆုံးပြီး MA-5 ပစ္စတိုသေနတ်တစ်လက် သိမ်းဆည်းရရှိသည်ဟု ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က သတင်းထုတ်ပြန်သည်။

မအူရွာရဲစခန်းနှင့် မိုင်ဝက်ခန့်အကွာ ရေစကြို- ချောင်းဦး လမ်းမတစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အရပ်ဝတ် ၅ ဦးခန့်က ဆီသယ်ကားများထံမှ ငွေကောက်ခံနေစဉ် ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ရေစကြို PDF ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောသည်။

“ရွာထိပ်က ဇရပ်လိုလိုနေရာမှာ နေပြီး လမ်းပေါ် ထွက်ထွက်တောင်းတာဗျ။…မအူရဲစခန်းနဲ့ နီးတယ်။ ဒါပေမဲ့ သူတို့က ကားလမ်းပေါ်ထွက်တောင်းတာပေါ့ဗျာ။ တောင်းတဲ့အချိန် ကျွန်တော်တို့ ဖြုတ် (ပစ်)ခဲ့တာ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲအတွင်း PDF က ရရှိသည့် ပစ္စတိုသေနတ်တွင် ၉ မိုင်ကျော်အကွာရှိ ဖူလုံရွာတွင် အခြေစိုက်သည့် ခလရ ၂၅၇ တပ်ရင်းတံဆိပ် ပါဝင်ကြောင်း၊ သေဆုံးသူများမှာ စစ်ဗိုလ်နှင့် တပ်သားတို့ဖြစ်ကြောင်း ရဲဘော်ဝေကြီးက ဆက်ပြောသည်။

အထက်ပါဖြစ်စဉ်ကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီထံ မေး၍ မရသေးပါ။

သို့သော် ရေစကြို PDF ၏ ထုတ်ပြန်ချက်၌ အရပ်ဝတ်ဖြင့် သေဆုံးနေသူတစ်ဦးနှင့် သိမ်းဆည်းရမိသည်ဆိုသော သေနတ်တစ်လက်၏ ဓာတ်ပုံကိုပါ ပူးတွဲထုတ်ပြန်ထားသည်။

ထိုပစ်ခတ်မှုဖြစ်စဉ်အတွင်း အဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ရေစကြို PDF ၏ နေ့တွင်းချင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မအူရွာ နယ်မြေရဲစခန်းကို ၂၀၂၁ နိုဝင်ဘာလအတွင်း ရေစကြို PDF နှင့် ဖီးနစ်အထူးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦး သေဆုံးခဲ့ရဖူးသည်။ ထိုတိုက်ပွဲအတွင်း စခန်းကို PDF တို့က မီးရှို့ဖျက်ဆီးခဲ့သော်လည်း စစ်ကောင်စီက ပြန်လည်တပ်စွဲနေသည်ဟု အထက်ပါ ရေစကြို PDF ခေါင်းဆောင်ထံမှ သိရသည်။

ပြီးခဲ့သည့်​​ ဖေဖော်ဝါရီ ၂၃ ညနေပိုင်းကလည်း ပေါက်မြို့နယ်အရှေ့ဘက်ရှိ ရေပြာရဲစခန်းကို မြိုင်၊ ပေါက်၊ ရေစကြို PDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းမှူးအပါအဝင် ရဲ ၅ ဦး သေဆုံးရသည့် ဖြစ်စဉ်ရှိသည်။

ထိုမတိုင်မီကလည်း မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်း၊ ရေစကြိုမြို့နယ် ပခန်းငယ်ရဲစခန်းတို့ကို PDF အဖွဲ့များပေါင်းကာ ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးခဲ့ကြဖူးသည်။

လက်ရှိတွင် ရေစကြိုမြို့နယ်အတွင်းသို့ စစ်ကောင်စီက အင်အားတိုးချဲ့ချထားသည်ဟု ရေစကြို PDF ခေါင်းဆောင် ရဲဘော်ဝေကြီးထံမှ သိရသည်။

စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်လာချိန်တွင် စစ်ကောင်စီကို ခုခံမှုများ နိုင်ငံအနှံ့ ပေါ်ပေါက်နေရာတွင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ တော်လှန်ရေးအတွေ့အကြုံမရှိသည့် မကွေးနှင့် စစ်ကိုင်းတိုင်းအတွင်းမှ ဒေသများလည်း ပါဝင်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button