
ယနေ့ (ဖေဖော်ဝါရီ ၂၄) တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ကချင်ပြည်နယ်၊ ကာမိုင်းမြို့အနီးရှိ စစ်ဆေးရေးဂိတ်တစ်ခုကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၂ ဦး၊ အရပ်သား ၁ ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
နံနက် ၇ နာရီခန့်က ဖားကန့်-ကာမိုင်းလမ်းပေါ်ရှိ အဆိုပါဂိတ်ကို KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၄၄ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF – Kachin Region) ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
နံနက် ၈ နာရီခန့်တွင် ပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး လက်နက်တချို့လည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု KIA ရှေ့တန်းတပ်များနှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
သေဆုံးသည့် အရပ်သားမှာ ဂိတ်အနီးနေထိုင်သည့် အသက် ၄၀ ကျော်အရွယ် မောင်ဦးဆိုသူဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“အဲဒီဂိတ်နားမှာက ပြည်သူတွေလည်း နေကြတာလေ၊ ပစ်ခတ်ရင်းနဲ့မှ ထိတာပေါ့” ဟု ၎င်းက ဆိုသည်။
“ပြီးတော့ ကလေးတစ်ဦးလည်း ဒဏ်ရာရတယ်လို့ ပြောတယ်၊ သေချာတော့ မသိရသေးဘူး”
တိုက်ခိုက်မှုပြီးသည့်နောက် ကာမိုင်းမြို့ရှိ စစ်တပ်ဗျူဟာကုန်းမှ အနီးဝန်းကျင်ကို လက်နက်ကြီး ၁၀ ချက်ခန့် ပစ်ခတ်ခဲ့သည်ဟု အသက် ၅၀ ကျော် ကာမိုင်းဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။
ထို့ပြင် မွန်းလွဲပိုင်းအထိ ကာမိုင်း-ဖားကန့်လမ်းကို စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးခဲ့သည့်အတွက် ကုန်တင်ယာဉ်အချို့ ကျေးရွာလမ်းများဘက်မှ ရှောင်ကွင်းသွားခဲ့ရကြောင်း၊ ညနေ ၃ နာရီခန့်တွင်မှ ယာဉ်များပုံမှန်အတိုင်း ပြန်လည်သွားလာသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ကာမိုင်းစစ်ဆေးရေးဂိတ်ကို KIA က ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း ဝင်တိုက်ခဲ့ဖူးသည်။
ယခုပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို Myanmar Now က ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။
ဖားကန့်-ကာမိုင်းလမ်းပိုင်းတွင် တိုက်ပွဲ မကြာခဏဖြစ်ပွားနေပြီး ဖေဖော်ဝါရီလဆန်းပိုင်းကလည်း ဖားကန့်မြို့နယ် မနော့မှော်ကျေးရွာအနီး KIA တပ်များ၏ ပိတ်ဆို့တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများခဲ့သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်နှင့် လာရောက် တိုက်ခိုက်ခဲ့သည့်အတွက် လူနေအိမ်အချို့ ပျက်စီးခဲ့ပြီး တံတားညီနောင်၊ ခွမ်ဆိုင်ယန်နှင့် ဂေါ့လူယန်စသည့် ကျေးရွာ ၃ ခုမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ပူတာအိုမြို့နယ်တွင်လည်း ဖေဖော်ဝါရီ ၁၈ ရက်မှစ၍ အင်စီယန်ကျေးရွာနှင့် ရှိန်ဂတ်ဘွမ်တောင်အနီးတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်ပတ်ခန့် ကြာမြင့်နေပြီဖြစ်ပြီး ၂၂ ရက်ကလည်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်သုံးပြီး KIA, PDF ပူးပေါင်းတပ်တို့ကို လာရောက်ပစ်ခတ်ခဲ့သည်။
ကချင်ဒေသတိုက်ပွဲသတင်းများကို စစ်ကောင်စီက အမှောင်ချထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာသလို စစ်အာဏာရှင်စနစ်ကို အမြတ်ပြတ်ချေမှုန်းရမည်ဟု KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက မကြာခဏ ထုတ်ဖော်ပြောကြားလေ့ ရှိသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)