
ယမန်နေ့ (ဖေဖော်ဝါရီ ၂၃) ညနေပိုင်းက မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လမ်းဆုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားသဖြင့် ထိုနေရာတွင် အများပြည်သူကို စစ်ဆေးနေကြသောရဲများ ဒဏ်ရာရသွားသည်ဟု သိရသည်။
ညနေ ၄ နာရီခန့်က သခင်ဖိုးလှကြီးလမ်းနှင့် ရတနာပုံမီးပွိုင့်လမ်းဆုံတွင် တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်သည်ဟု မြင်တွေ့ရသူများကို ကိုးကား၍ မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“သူတို့တွေ ဖမ်းနေတဲ့အချိန်မှာ ဗုံးခွဲခံလိုက်ရတာ။ သေဆုံးတော့ မကြားသေးဘူး။ ၁၀ ဦးလောက်ကို ထိတယ် ပြောတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ၎င်းက ဆိုသည်။
အဆိုပါပေါက်ကွဲမှုတွင် မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးတင်မောင်လင်း အပါအဝင် ရဲ ၅ ဦး၊ မီးသတ် ၁ ဦး၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်း ၁ ဦး၊ ဖြတ်သန်းသွားလာနေသော အရပ်သား ၃ ဦး ဒဏ်ရာရသည်ဟု ဒေသအခြေစိုက် (Mandalay Free Press) သတင်းဌာန သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ထိုပေါက်ကွဲမှုမှ ဒဏ်ရာရ ရဲ ၂ ဦး၏ ပုံများလည်း အွန်လိုင်းတွင် ချက်ချင်းလိုလိုပင် မျှဝေခဲ့ကြသည်ကို တွေ့ရသည်။
ပေါက်ကွဲမှုအပြီး ထိုနေရာတွင် သေနတ်သံ အချက် ၅၀ ခန့်နှင့် အော်ဟစ်ဆဲဆို စစ်ဆေးမေးမြန်းသံများ ကြားရသည်ဟု သိရကြောင်း အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။
“သေနတ်တွေလည်း ဆက်တိုက်ပစ်တော့ သွားတော့မကြည့်ရဲဘူး။ လူနာတင်ကားတွေလည်း ညံနေတာပဲ။ သူတို့ တော်တော် ထိခိုက်သွားတာတော့ ပုံတွေလည်းတက်လာတာ တွေ့ရတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် ဝမ်းသာတာပေါ့။ ပြည်သူကို ဒုက္ခပေးနေတဲ့ကောင်တွေလေ”ဟု ပြည်ကြီးတံခွန်မြို့နယ်နေ ယင်းအမျိုးသားက ဆိုသည်။
မန္တလေးဒေသပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် Guerilla Force Of Mandalay (GRA) က အဆိုပါဗုံးခွဲတိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်သည်၊ ဆက်ကြေးတောင်းနေသူတို့ကို တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ယမန်နေ့ညနေက သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်အသေးစိတ်၊ ဒဏ်ရာရရှိမှုအခြေအနေတို့ကို Myanmar Now က စစ်ကောင်စီနှင့် ပြည်ကြီးတံခွန်ရဲစခန်းထံ ဆက်သွယ်မေးမြန်း၍ မရသေးပေ။
ထိုဖြစ်ရပ်အပြီး ၁ နာရီခန့် ကြာသည့်အချိန်တွင် မြို့သစ် ၄၇ လမ်းအနီး စစ်ကောင်စီတပ် မော်တော်ယာဉ် ၂ စီးကို မိုင်းခွဲတိုက်ခိုက်ရာ ၂ ဦး သေဆုံးကြောင်း Mandalay Youth Special Forces – MYSF က သတင်းထုတ်ပြန်သည်။
ကျူးကျော်ရပ်ကွက်ကို သွားရောက်ရှင်းလင်းခဲ့သည့် ကားများကို တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ထိုအဖွဲ့က ဆိုသည်။ ဤပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
မန္တလေးတွင် စစ်ကောင်စီနှင့် ဆက်စပ်နေသည့် နေရာများ မကြာခဏ တိုက်ခိုက်ခံနေရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ကလည်း မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးတွင် ဗုံးကွဲမှု ၊ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သေးသည်။
စစ်ကောင်စီကမူ ၎င်းတို့ကို လက်နက်ကိုင်တိုက်ခိုက်မှုများသည် အကြမ်းဖက်ဥပဒေမဲ့ရမ်းကားသည့်လုပ်ရပ်များ ဖြစ်သည်ဟု ပြောဆိုလေ့ရှိသည်။
ပြည်သူများ စိတ်မချမ်းသာစွာ နေထိုင်နေကြရပြီး စစ်တပ်နှင့် ရဲက လုံခြုံရေးလုပ်ငန်းများကို အချိန်ပြည့်ဆောင်ရွက်ပေးနေသည်ဟု ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြည်ပသတင်းထောက်များကို ပြောဆိုကြောင်း ယနေ့ထုတ် စစ်ကောင်စီသတင်းစာများတွင် ရေးထားသည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာယူခဲ့သည့်စစ်တပ်က ၎င်းတို့ကိုဆန့်ကျင်သူ မည်သူ့ကိုမဆို ဖမ်းဆီးနှိပ်ကွပ်ခြင်း၊ နေအိမ်များကို ချိပ်ပိတ်ခြင်း၊ ဆန္ဒပြလျှင်ပင် ပစ်သတ်မှုများပြုလုပ်နေရာ ပြန်လည်ခုခံသည့် ဒေသကာကွယ်ရေးအဖွဲ့များ ပေါ်ပေါက်လာပြီး စစ်ကောင်စီကို လက်နက်ကိုင် ပြန်ခုခံမှုများ နိုင်ငံအနှံ့ ဖြစ်ပွားနေသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)