သတင်း

မတ္တရာမှ ဒလန် အသတ်ခံရသည့် နေရာသို့ သွားသော စစ်ကား ၂ စီး မိုင်းဆွဲခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့ပြင်ရောက် စစ်ကားနှစ်စီး ယမန်နေ့ (ဖေဖော်ဝါရီ ၂၁) ည ၉ နာရီခွဲ၌ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူတို့ကို လူနာတင်ကားနှစ်စီးဖြင့် သယ်ဆောင်သွားကြောင်း မတ္တရာမြို့ခံများထံမှ သိရသည်။

ကင်းကျေးရွာမှ ဒလန်ဟု ကျော်စောသူတစ်ဦးကို ဒေသခံပြောက်ကျားအဖွဲ့တစ်ခုက ပစ်ခတ်ခဲ့ပြီးနောက် ထိုဒေသသို့ လာရောက်သည့် အင်အား ၄၀ ခန့် ပါသည့် စစ်ကောင်စီ ထရပ်ကားတစ်စီးနှင့် ကားသေးတစ်စီးကို လမိုင်းကျေးရွာအုပ်စု၊ မန်ကျည်းကုန်းကျေးရွာအနီး လက်လုပ်မိုင်းထောင်၍ ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်( PDF) မတ္တရာမြို့နယ်၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုင်းထောင်ဖောက်ခွဲရာတွင် နောက်မှ လိုက်လာသည့် ကားသေးကို တိုက်ရိုက်ထိမှန်သည်၊ စစ်ကောင်စီတပ်က အနီးဝန်းကျင်ကို  စိန်ပြောင်း၊ လက်နက်ငယ်များနှင့် ၁၅ မိနစ်ခန့် ပစ်ခတ်ခဲ့ပြီးမှ ထိုကားကို ကြိုးဖြင့် ဆွဲသွားသည်ဟု ဆိုသည်။

“နောက်က ကားလေးက နောက်ပိုင်းထောင်သွားအောင် ထိတယ်။ မောင်းလို့ကို မရတော့ဘဲ ကားကြီးနဲ့ ဆွဲပြီးတော့ နေရာရွှေ့ခဲ့ပြီးမှ ရွှေ့တဲ့နေရာရောက်တော့လည်း ပစ်ခတ်ပြီး ခြောက်လှန့်သေးတယ်”

နာရီဝက်ခန့်အကြာတွင် မတ္တရာမြို့ဘက်မှ အလံဖြူထောင်ထားသည့် မော်တော်ယာဉ်တချို့ ရောက်လာသည်ဟု ဆိုသည်။

“လူနာတင်ကားနှစ်စီး၊ အိမ်စီးကားတစ်စီးနဲ့ လုံခြုံရေးယူပြီး လူနာလာကဲ့တယ်(တင်တယ်)။ လူနာတင်ကားပါဆိုပြီး မိုင်းခွဲခံရမှာစိုးလို့ အလံဖြူထောင်လာပုံပေါ်တယ်” ဟု မတ္တရာ PDF တာဝန်ရှိသူက ဆိုသည်။

ည ၁၀ နာရီခွဲခန့်တွင် လူနာများကို မတ္တရာဆေးရုံသို့ ပြန်လည်သယ်ဆောင်သွားခဲ့ပြီး ထိခိုက်သွားသည့် ကားကို ဆွဲယူကာ စစ်သားများက ခြေလျင်ဖြင့် နောက်ကြောင်းပြန်လှည့်သွားခဲ့သည့်အတွက် ကင်းရွာသို့ စစ်သားများ မရောက်လာတော့ကြောင်း မတ္တရာမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

မိုင်းကွဲပြီးနောက် စစ်သားများက ၂ နေရာတွင် အနီးဝန်းကျင်ကို ပစ်ခတ်ကြသော်လည်း ဒေသခံ ရွာသူရွာသားများ၊ မိုင်းထောင်တိုက်ခိုက်သူများကို ထိခိုက်ခြင်းမရှိခဲ့ကြောင်း PDF နှင့် ဒေသခံတို့က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ PDF များဖြစ်သော မတ္တရာ PDF နှင့် မန္တလေး PDF  (MPDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတပ်ဖွဲ့နှစ်ခုသည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ထီးချိုင့်ဘက်မှ မန္တလေးဘက်သို့ လာသည့် ကား ၃၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းကိုလည်း လမ်းမှ ၅ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button